ပါကစ္စတန်သည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် နျူကလီးယားဆိုင်ရာ စိတ်မချရသော နိုင်ငံအဖြစ် ရှိနေ

ပါကစ္စတန်သည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် နျူကလီးယားဆိုင်ရာ စိတ်မချရသော နိုင်ငံအဖြစ် ရှိနေ

ပါကစ္စတန်သည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် နျူကလီးယားဆိုင်ရာ ဘေးမကင်း စိတ်မချရသော နိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေသည်ဟု မီဒီယာသတင်းတစ်ခုတွင် ထုတ်ဖော်ထားပြီး ယင်းနိုင်ငံ၌ အတောမသတ်သည့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု၊ အကြမ်းဖက်မှုနှင့် ကြီးထွားလာနေသော အစွန်းရောက်မှုတို့ကို မီးမောင်းထိုး ဖော်ပြခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ နျူကလီးယားဆိုင်ရာ လုပ်နိုင်စွမ်း လက်ဝယ်ပိုင်ဆိုင်မှုကို နှစ်များနှင့်ချီ နိုင်ငံရေး ရင့်ကျက်မှု၊ အဖွဲ့အစည်းဆိုင်ရာ လုပ်နိုင်စွမ်း၊ ထိန်းချုပ်သည်းခံနိုင်မှုနှင့် ပထမဦးဆုံး အသုံးမပြုဆိုသည့် မူဝါဒကို တရားဝင် စွဲမြဲလိုက်နာမှုတို့ဖြင့် အမှတ်အသားပြုသင့်သော်လည်း ပါကစ္စတန်၏ လက္ခဏာရပ် အထောက်အထားများသည် ဤအချက်အားလုံးတွင် ကျေနပ်ဖွယ် လုံးဝ မရှိဘဲ ဖြစ်နေကြောင်း Geopolitica ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

Tehreek-e-Labaik (TLP) နှင့် Tehrik-i-Taliban Pakistan (TTP) အဖွဲ့က ပြီးခဲ့သည့် နှစ်နှစ်အတွင်း ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရဘက်မှ လိုက်လျောစေရန် အကျပ်ကိုင် ဖိအားပေးလုပ်ဆောင်မှုများ ရှိခဲ့ခြင်းနှင့်အတူ ပါကစ္စတန်အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်တွင် အဆိုပါအဖွဲ့များ ခြေကုပ်တစ်ခု ရသွားနိုင်သည့် အန္တရာယ်ကို လျစ်လျူရှု၍ မရနိုင်ဟု ထို သတင်းတွင် ဖော်ပြသည်။

ထို့ပြင် ပါကစ္စတန်၏ နျူကလီးယား လက်နက်ခဲယမ်းစုကို ဂျီဟတ်ဒစ်များ ထိန်းချုပ်သွားနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက် ရှိသည်ဟု ယင်းက ဖော်ပြသည်။

အထူးသဖြင့် ပါကစ္စတန်စစ်တပ်အတွင်း အစွန်းရောက်ရပ်တည်ချက်များ ရှိလာမှု တိုးလာခြင်းနှင့် ပတ်သက်ပြီး ထိုသတင်းတွင် ထုတ်ဖော်ခဲ့ရာတွင် “ပါကစ္စတန်စစ်တပ်ရဲ့ တဖြည်းဖြည်းချင်း အစွန်းရောက်ရပ်တည်ချက်များ ရှိလာမှုအရ အတွင်းလူတွေနဲ့ ဂျီဟတ် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ယန္တရားကို တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေပါ တွေ့လာရပါတယ်” ဟု ဖော်ပြသည်။

“အတွင်းလူများ” ထံမှ ထောက်လှမ်းရေးသတင်းအချက်အလက် အကူအညီ ရယူလုပ်ဆောင်ရင်း အကြမ်းဖက်သမားများသည် ၂၀၁၁ ခုနှစ်က ပါကစ္စတန်၏ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်သည့် ကရာချိမြို့အနီး မီဟရန် ရေတပ်စခန်းကို တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ချိန်တွင် ပါကစ္စတန်၏ နျူကလီးယားလက်နက်တပ် စစ်တပ်ထဲသို့ အကြမ်းဖက်သမားများ ထိုးဖောက်စိမ့်ဝင်မှု အတိုင်းအတာက ပိုမို ရှင်းလင်းလာခဲ့ကြောင်း ယင်းသတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly