တရုတ်အာဏာပိုင်များက တရားခံပြေး ၁၀၀၀၀ ကျော်အား ပြည်ပမှ ပြန်လာရန် ဖိအားပေး

တရုတ်အာဏာပိုင်များက တရားခံပြေး ၁၀၀၀၀ ကျော်အား ပြည်ပမှ ပြန်လာရန် ဖိအားပေး

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက တရုတ်အစိုးရသည် နိုင်ငံရပ်ခြားရောက်ရှိနေသော တရားခံပြေး ၂ ၅၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးရန်နှင့် တရုတ်သို့ ပြန်လာရေး အတင်းအကျပ်ဖိအားပေးရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလျက်ရှိကြောင်း Washington Times ၌ ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၁၄ ခုနှစ်တွင် Operation Fox Hunt အစီအစဉ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် Operation Sky Net စတင်ခဲ့ကာ လူပေါင်း ၁၀ ၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးစေခဲ့သည်။

Safeguard Defenders မှ ထုတ်ပြန်သော ဖြစ်ရပ်လေ့လာမှုများနှင့် အစီရင်ခံစာများ၌ တရုတ်အစိုးရ၏ နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု၏ အတိုင်းအတာကို ဖော်ပြထားပြီး နိုင်ငံခြားတိုင်းပြည်များ၏ အချုပ်အခြာအာဏာကို တရုတ်က အကြိမ်ကြိမ် ချိုးဖောက်မှုကို ဖော်ပြထားသောကြောင့် တရုတ်သည် အတင်းအကျပ်နှင့် တရားမဝင်သော နည်းလမ်းများကို အသုံးပြုနေကြောင်း Washington Times တွင် ရေးသားထားသည်။

Washington Times ၏ ဖော်ပြချက်အရ တရုတ်နိုင်ငံသား ဆန်ဟိုင်ယင်သည် တရုတ်၏ 'Fox Hunt' စစ်ဆင်ရေးနှင့်ပတ်သက်၍ ဝရမ်းပြေးအဖြစ် အမေရိကန်တွင် တရားစွဲခံထားရသည်။

အမေရိကန် ဥပဒေအရာရှိတစ်ဦးအပါအဝင် အခြားသူများကို သူလျှိုထောက်လှမ်းမှုနှင့်ငွေညှစ်မှုများအတွက် တရားစွဲဆိုခံထားရသော ဆန်သည် နေရပ်၌ ဒုက္ခရောက်နေသော ပြည်ပရောက် တရုတ်နိုင်ငံသား ၃၅ ဦးကို ပစ်မှတ်ထားကာ ၎င်းတို့အား တရုတ်နိုင်ငံသို့ ပြန်ရေး ဖိအားပေးရန် ကြိုးပမ်းခဲ့ကြောင်း Washington Times သတင်းတွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို နိုင်ငံရပ်ခြားမှ တရုတ်နိုင်ငံသို့ ပြန်ရန် အတင်းအကျပ်ခိုင်းသော တရုတ်အစိုးရအသုံးပြုသည့် စနစ်ကျသော လျှို့ဝှက်နည်းလမ်းများကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစ်စောင်ကို လူ့အခွင့်အရေး NGO တစ်ခုဖြစ်သည့် Safeguard Defenders က ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ရှီကျင့်ဖျင် သမ္မတဖြစ်လာပြီးကတည်းက စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ပြန်လည်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည်။ စီးပွားရေးရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူများကို ခြေရာခံရန် ၂၀၁၄ ခုနှစ် ဇွန်လတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ Operation Fox Hunt စစ်ဆင်ရေးကို စတင်ခဲ့သည်။ အစီအစဉ်၏ ရည်ရွယ်ချက်မှာ ရှီ၏ “အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး” လှုပ်ရှားမှုကို ပြည်ပသို့ တိုးချဲ့ရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly