အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခ ကြီးမားလာကာ ကမ္ဘာကြီး မတည်မငြိမ်ဖြစ်လာဟု အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ပြောကြား

အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခ ကြီးမားလာကာ ကမ္ဘာကြီး မတည်မငြိမ်ဖြစ်လာဟု အမေရိကန်ပူးတွဲစစ်ဦးစီးချုပ် ပြောကြား

ကမ္ဘာကြီးသည် မတည်မငြိမ်ပိုဖြစ်လာပြီး တရုတ်နှင့်ရုရှားအပါအဝင် အင်အားကြီးနိုင်ငံများအကြား သိသာထင်ရှားသော နိုင်ငံတကာပဋိပက္ခများ ဖြစ်နိုင်ချေ တိုးပွားလာကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မစ်လီက ဧပြီ ၅ ရက်တွင် ကွန်ဂရက်လွှတ်တော်၌ ပြောကြားလိုက်သည်။

“အခုဆိုရင် ကျွန်တော်တို့ဟာ အရေးပါတဲ့စစ်ရေးစွမ်းအင်တွေရှိတဲ့ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ တရုတ်နဲ့ ရုရှားကို ရင်ဆိုင်နေရပြီး သူတို့နှစ်နိုင်ငံဟာ ကမ္ဘာ့စည်းမျဉ်းစည်းကမ်းတွေကို လုံးလုံးလျားလျား ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားကြသူတွေပါ။ ကျွန်တော်တို့ဟာ ပိုပြီး မတည်မငြိမ်ဖြစ်လာတဲ့ ကမ္ဘာကြီးထဲကို ချင်းနင်းဝင်ရောက်လာပါပြီ။ အင်အားကြီးနိုင်ငံတွေအကြားကာ သိသာထင်ရှားတဲ့ နိုင်ငံတကာ ပဋိပက္ခ အလားအလာက တိုးလာပြီး လျော့ကျမသွားပါဘူး” ဟု မစ်လီက အမေရိကန်အောက်လွှတ်တော် လက်နက်ရေးရာကော်မတီသို့ ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် မိမိတို့နိုင်ငံကို တိုက်ခိုက်ရန် ကြိုးပမ်းသည့် မည်သည့်နိုင်ငံကိုမဆို ဟန့်တား တိုက်ခိုက် အနိုင်ယူရန် အဆင်သင့်ဖြစ်နေကြောင်းလည်း မစ်လီက ပြောကြားခဲ့သည်။

အမေရိကန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာတွင် ဥရောပ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကို မြင်တွေ့နေရပြီး ယူကရိန်းတွင် ဖြစ်ပွားနေသော လက်ရှိပဋိပက္ခများသည် ဥရောပနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း ဗိုလ်ချုပ်ကြီးမစ်လီက ဆိုသည်။

ဒွန်တက်စ်နှင့်လူဟန့်စ်ခွဲထွက်ပြည်နယ်များက ယူကရိန်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် တောင်းဆိုပြီးနောက် ရုရှားသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် အထူးစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် ယူကရိန်း စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထားပြီး အရပ်သား ပြည်သူများ အန္တရာယ် မရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly