သီရိလင်္ကာအစိုးရက တရုတ်ကို အားလုံး ရောင်းစားနေသည်ဟု စားသောက်ကုန်ရောင်းသူများက စွပ်စွဲ

သီရိလင်္ကာအစိုးရက တရုတ်ကို အားလုံး ရောင်းစားနေသည်ဟု စားသောက်ကုန်ရောင်းသူများက စွပ်စွဲ

သီရိလင်္ကာရှိ စားနပ်ရိက္ခာရောင်းချသူများက ရာဂျာပက်ဆာအစိုးရသည် တရုတ်နိုင်ငံသို့ အားလုံးကို ရောင်းစားနေသည်ဟု စွပ်စွဲကာ နိုင်ငံတွင် ဘာမျှမရှိတော့ကြောင်းနှင့် အစစအရာရာကို အခြားနိုင်ငံများမှ အကြွေးဖြင့် ဝယ်ယူနေရကြောင်း ပြောကြားလိုက်သည်။

စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများအကြားတွင် သီရိလင်္ကာ၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်လျက်ရှိသည်။

သစ်သီးရောင်းသူ ဖာရွတ်က "လွန်ခဲ့တဲ့ ၃ လ ၄ လလောက်က ပန်းသီးကို တစ်ကီလို ၅၀၀ ရူပီး၊ အခု တစ်ကီလိုကို ၁၀၀၀ ရူပီးနဲ့ရောင်းနေရတယ်။ သစ်တော်သီးကို စောစောက တစ်ကီလို ၇၀၀ ရူပီးနဲ့ ရောင်းခဲ့ပြီး အခု ၁၅၀၀ ရူပီးဖြစ်နေပြီ။ လူတွေမှာကလည်း ပိုက်ဆံမရှိတော့ဘူး” ဟု ဆိုသည်။

“သီရိလင်္ကာအစိုးရက အရာအားလုံးကို တရုတ်ဆီ ရောင်းပစ်လိုက်တယ်။ အဲဒါက အကြီးမားဆုံး ပြဿနာပဲ။ အကုန်လုံး တရုတ်ကို ရောင်းလိုက်တဲ့အတွက် သီရိလင်္ကာမှာ ပိုက်ဆံမရှိတော့ဘူး။ အခြားနိုင်ငံတွေဆီက အကြွေးနဲ့ဝယ်နေရတယ်” ဟု ဖာရွတ်က ပြောသည်။

သီရိလင်္ကာတွင် မကြုံစဖူး စီးပွားရေးအကျပ်အတည်းအကြားတွင် အတိုက်အခံခေါင်းဆောင် ဆာဂျိပရီမာဒါဆာက သမ္မတ အထူးလုပ်ပိုင်ခွင့်ဖြင့် အုပ်စိုးသည့်စနစ်အား ဖျက်သိမ်းရန် တောင်းဆိုလိုက်သည်။

သီရိလင်္ကာနိုင်ငံတွင် စားနပ်ရိက္ခာနှင့် လောင်စာဆီရှားပါးမှုနှင့်အတူ ဆိုးရွားသော စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရကာ ပြည်သူအများအပြားအပေါ် သက်ရောက်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ စီးပွားရေးသည် အထိန်းအကွပ်မရှိ ကျဆင်းလျက်ရှိသည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြားငွေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသောကြောင့် အစားအစာနှင့် လောင်စာဆီ တင်သွင်းနိုင်မှုကို ထိခိုက်ခဲ့ရကာ နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်လာစေသည်။ မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် သီရိလင်္ကာသည် ခင်မင်ရင်နှီးသော အိမ်နီးချင်းများ ၏ အကူအညီကို ရယူခဲ့ရသည်။

စီးပွားရေးအကျပ်အတည်းကြောင့် အစိုးရအား ပြည်သူက စိတ်ဆိုးဒေါသထွက်နေချိန်တွင် ဧပြီ ၄ ရက်က အဖွဲ့ဝင် ၂၆ ဦးပါ သီရိလင်္ကာအစိုးရအဖွဲ့ဝန်ကြီးများက နုတ်ထွက်စာ တင်သွင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly