ရတနာပုံအသင်း၏ လှုပ်ရှားမှုများကို အပတ်စဉ် မြန်မာ့ရုပ်မြင်သံကြားတွင် ပြသမည်

ရတနာပုံအသင်း၏ လှုပ်ရှားမှုများကို အပတ်စဉ် မြန်မာ့ရုပ်မြင်သံကြားတွင် ပြသမည်
ရတနာပုံအသင်းလှုပ်ရှားမှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် အပတ်စဉ်သောကြာနေ့တိုင်းပြသမည်ဖြစ်သည်။ (ဓာတ်ပုံ-Yadanarbon FC)

ဇန်နဝါရီ ၂၆၊ ရန်ကုန်။           ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း၏ လှုပ်ရှားမှုပုံရိပ်များအား မြန်မာ့ရုပ်မြင်သံကြားတွင် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့် ပြသသွားမည် ဟု ရတနာပုံအသင်းမီဒီယာတာဝန်ခံ ကိုအတာဦးက ပြောသည်။

အဆိုပါအစီအစဉ်ကို Football Magazine (ရတနာပုံအသင်းချစ်သူများ) အမည်ဖြင့် သောကြာနေ့ ညနေ (၄း၃၅) တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး ရတနာပုံအသင်း၏ ဥက္ကဌ၊ အမှုဆောင်ချုပ်၊ နည်းပြအဖွဲ့များ၊ ကစားသမားများ၏ လေ့ကျင့်မှုများ၊ အင်တာဗျူးများ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် အသင်း၏ ပွဲစဉ်အလိုက် ဂိုးသွင်းမှု ဟိုက်လိုက်များနှင့် အသင်းပရိသတ်များ၏ အားပေးမှု ပုံရိပ်များပါ ထည့်သွင်း ထုတ်လွှင့်သွားမည် ဖြစ်သည်။

ယင်းထုတ်လွှင့်ပြသမှုအစီအစဉ်နှင့် ပတ်သက်၍ “ မြန်မာရုပ်မြင်သံကြားနဲ့ အသင်းပိုင်ရှင်တို့ ညှိနှိုင်းပြီး လုပ်ဖြစ်သွားတာပါ။ ဘယ်လို သဘောတူညီမှု လုပ်ထားလဲဆိုတာတော့ မသိပါဘူး။ အစီအစဉ်မှာတော့ အသင်းနဲ့ ပတ်သက်တဲ့ ပုံရိပ်အားလုံး စုံအောင် ပါဝင်သွားမှာပါ။

အပတ်တိုင်းသောကြာညနေဆို ကြည့်လို့ရပါတယ်။  ပွဲဟိုက်လိုက်တွေလည်း ပါမှာပါ။ အဓိကအနေနဲ့တော့ အသင်းကို ပရိသတ်တွေ ပြန်စိတ်ဝင်စားလာအောင်ပါ။ အသင်းပရိသတ်တွေအနေနဲ့လည်း ကြိုက်မယ် လို့ မျော်လင့်ပါတယ် ” ဟု ကိုအတာဦးက ပြောသည်။

ရတနာပုံအသင်းချစ်သူများအစီအစဉ်ကို မြန်မာ့ရုပ်မြင်သံကြား၌ တစ်ပိုင်းလျှင် မိနစ် ၂၀ ခန့် ကြာမြင့်မည် ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်မှ သြဂုတ် ၂၆ ရက်အထိ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly