ရုရှစွမ်းအင်အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဥရောပ၏ မပြတ်မသားဖြစ်နေမှု ယူကရိန်းသမ္မတ ဝေဖန်

ရုရှစွမ်းအင်အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဥရောပ၏ မပြတ်မသားဖြစ်နေမှု ယူကရိန်းသမ္မတ ဝေဖန်
Photo - Google

ဧပြီလ ၆ ရက်

ရုရှ စွမ်းအင်တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ရေးနှင့်ပတ်သက်ပြီး ဥရောပဘက်တွင် ချီတုံချတုံ ဖြစ်နေမှုအပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဧပြီ ၆ ရက်တွင် ပြစ်တင်ဝေဖန်သွားခဲ့သည်။ ခေါင်းဆောင်တချို့သည် စစ်ရာဇဝတ်မှုများထက် စီးပွားရေး ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ပိုမို စိုးရိမ်ပူပန်နေသည်ဟု ဇယ်လန်စကီးက ပြောဆိုခဲ့သည်။

ရုရှအပေါ် ထပ်မံ ပိတ်ဆို့အရေးယူရန် ပြောဆိုချက်အသစ် ထွက်ပေါ်လာခဲ့စဉ် ယူကရိန်းတွင် ရုရှတပ်များ ကျူးလွန်ခဲ့သည့် အရာကိစ္စများနှင့် တွေ့ကြုံခဲ့ရပြီးနောက်ပိုင်း မိမိအနေဖြင့် မည်သည့် မပြတ်မသားဖြစ်မှုကိုမဆို သည်းမခံနိုင်ကြောင်း ဇယ်လန်စကီးက အိုင်ယာလန် ပါလီမန်ကို ပြောခဲ့သည်။

“ရုရှ ရေနံကနေတစ်ဆင့် ရုရှစစ်တပ်ကို ငွေကြေးပံ့ပိုးမှု ရင်းမြစ်အသစ်တွေနဲ့ ထောက်ပံ့ပေးလို့ မရနိုင်ဘူးဆိုတာကို ကျွန်တော်တို့ဘက်က ဥရောပကို သိမ်းသွင်းစည်းရုံးဖို့ လိုနေဆဲပါ” ဟု ဇယ်လန်စကီးက ပြောသည်။

ထို့ပြင် အနောက်အုပ်စု ဘဏ္ဍာရေးကနေ ရုရှဘဏ်များကို လုံးလုံးလျားလျား ဖယ်ထုတ်ရေးကိုလည်း ၎င်းက တောင်းဆိုခဲ့သည်။

“စစ်ပွဲနဲ့ စစ်ရာဇဝတ်မှုတွေက ဘဏ္ဍာရေး ဆုံးရှုံးမှုတွေလောက် မဆိုးရွားဘူးဆိုပြီး ခုချိန်ထိ တွေးနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ မူအရ ချဉ်းကပ်လုပ်ဆောင်မှုတစ်ခုက ကျွန်တော်တို့ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်” ဟု ယူကရိန်းသမ္မတက ပြောသည်။

ဥရောပသမဂ္ဂသည် ရုရှ၏ ကျောက်မီးသွေး တင်သွင်းမှုများအပေါ် ပိတ်ဆို့မည့် ပဉ္စမမြောက် ဒဏ်ခတ်အရေးယူမှုကို အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေစဉ် နေတိုးနှင့် ဂျီ ၇ နိုင်ငံခြားရေးဝန်ကြီးများသည် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ နောက်ထပ် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် ဘရက်ဆဲလ်တွင် စုဝေးနေကြသည်။

အထူးသဖြင့် ဂျာမနီ အပါအဝင် အီးယူနိုင်ငံအချို့က ၎င်းတို့၏ စီးပွားရေးများအပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် ရုရှ စွမ်းအင်ပို့ကုန်အားလုံးကို ထိခိုက်စေရေး ပိတ်ဆို့အရေးယူရန် ဝန်လေးတွန့်ဆုတ်နေခဲ့သည်။

သို့သော် ယူကရိန်း၌ ရုရှတပ်များ ဆုတ်ခွာသွားခဲ့သည့် ဘူချာနှင့် အခြားနေရာများတွင် အရပ်သား အများအပြား သေဆုံးမှု သတင်းများ ထွက်ပေါ်ပြီးနောက် ရုရှကို ဒဏ်ခတ်အရေးယူရေး ဥရောပအပေါ် ဖိအားများ တိုးမြင့်ကျရောက်နေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly