ဘူချာမြို့ သတ်ဖြတ်မှုအပြီး ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ရန် အမေရိကန်နှင့် မဟာမိတ်များ အသင့်ဖြစ် 

ဘူချာမြို့ သတ်ဖြတ်မှုအပြီး ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ရန် အမေရိကန်နှင့် မဟာမိတ်များ အသင့်ဖြစ် 
Photo - AFP

ဧပြီ ၆

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက “စစ်ရာဇဝတ်မှု”အဖြစ် ပြောဆိုပြီး ညီမျှစွာ အပြစ်ပေးအရေးယူရန် တောင်းဆိုထားသည့် ယူကရိန်းမြောက်ပိုင်းက အရပ်သားများအား သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ဗုဒ္ဓဟူးနေ့တွင် ပြင်ဆင်ထားပြီးဖြစ်သည်။  

အိမ်နီးချင်း ယူကရိန်းနိုင်ငံအား သီတင်းခြောက်ပတ်နီးပါးကြာ ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှနိုင်ငံကို အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် ဘူချာမြို့၌ အရပ်သားများအား သတ်ဖြတ်မှုဖြစ်အပြီးတွင် တွန်းအားသစ်များ ရှိလာတော့ခြင်း ဖြစ်သည်။ ရုရှတပ်များထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည့် ဘူချာမြို့တွင် အရပ်သားများအား အနီးကပ် တေ့ပစ်၍ သေဆုံးရသည့် ရုပ်အလောင်းများကိုလည်း တွေ့ရှိထားသည်။ 

ဘူချာမြို့တွင် အရပ်သားများအား ပစ်မှတ်ထားသည်ဆိုခြင်းကို ရုရှက ငြင်းဆန်ပြီး သက်သေများသည်လည်း နိုင်ငံကို ဂုဏ်သိက္ခာ ကျဆင်းအောင် အနောက်အုပ်စု ပုံဖော်သည့် “စက်ဆုပ်ဖွယ် လိမ်လည်အတုပြုလုပ်မှု” အဖြစ် ပြောဆိုသည်။ 

ဘူချာဖြစ်ရပ်ကို တုံ့ပြန်ခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် ဗုဒ္ဓဟူးနေ့၌ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များကို ကြေညာရန် အသင့်ဖြစ်ပြီဟု အိမ်ဖြူတော်က ပြောသည်။ 

အမေရိကန်၊ ဂျီ-၇ နှင့် ဥရောပသမဂ္ဂ အီးယူတို့ကြား ပူးပေါင်းချမှတ်မည့် ယခု ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရုရှဘဏ်များနှင့် တာဝန်ရှိသူများကို ပစ်မှတ်ထားမည်ဖြစ်ပြီး ရုရှတွင် ရင်းနှီးမြှုပ်နှံမှုသစ်များကိုလည်း တားမြစ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။ 

အဖွဲ့ဝင် ၂၇ နိုင်ငံက အတည်ပြုရမည်ဖြစ်သော အဆိုပြုထားသည့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရုရှထံမှ ကျောက်မီးသွေး ဝယ်ယူခြင်းအား တားမြစ်ခြင်းနှင့် အီးယူဆိပ်ကမ်းများသို့ ရုရှသင်္ဘောများ ဝင်ရောက်ခြင်းကို တားဆီးခြင်းတို့ ပါရှိမည်ဖြစ်သည်။ 

ထိုပြင် ရုရှရေနံ တင်သွင်းခြင်းကိုလည်း တားမြစ်နိုင်ရေး အဖွဲ့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ဟု အီးယူအမှုဆောင် အောဆူလာ ဗွန် ဒါ လီယန်က ပြောသည်။ ဥရောပအနေဖြင့် သဘာဝဓာတ်ငွေ့၏ သုံးပုံတစ်ပုံခန့်ကို ရုရှထံမှ တင်သွင်းနေရခြင်းကြောင့် ရုရှ၏ စွမ်းအင်ကို လုံးလုံး တားမြစ်လိုက်ခြင်းအားဖြင့် စီးပွားရေးအပေါ် သက်ရောက်လာမည်ဆိုသော စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly