ရုရှကို ‘ချက်ချင်း အရေးယူရန်’ သို့မဟုတ် ကုလသမဂ္ဂကို ဖျက်သိမ်းရန် ဇယ်လန်စကီး ပြော 

ရုရှကို ‘ချက်ချင်း အရေးယူရန်’ သို့မဟုတ် ကုလသမဂ္ဂကို ဖျက်သိမ်းရန် ဇယ်လန်စကီး ပြော 
Photo - AFP

ဧပြီ ၆

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် အင်္ဂါနေ့က ပြင်းထန်သည့် မိန့်ခွန်းပြောဆိုရာ၌ ကုလသမဂ္ဂအနေဖြင့် “ချက်ချင်း အရေးယူဆောင်ရွက်ရန်” သို့မဟုတ်ပါက “ကိုယ်တိုင် တရားဝင် ဖျက်သိမ်းတော့ရန်” ကုလသမဂ္ဂအား စိန်ခေါ်ပြောဆိုလိုက်သည်။  

အဆိုပါ ဗီဒီယို မိန့်ခွန်းပြောဆိုရာတွင် ရုရှ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ကြုံခဲ့ရသူများဖြစ်သည်ဟု ၎င်းက ပြောဆိုကာ ကလေးငယ်များ အပါအဝင်ဖြစ်သည့် စိတ်မချမ်းမြေ့ဖွယ်ရာ သေဆုံးနေသည့် ရုပ်အလောင်း ပုံများကိုလည်း ပြသခဲ့သည်။ 

ဘူချာမြို့နှင့် အခြားသော ယူကရိန်းမြို့များတွင် ရုရှ၏ လုပ်ရပ်များသည် အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ကဲ့သို့သော “အကြမ်းဖက်သမားများ” ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် အလားတူပင် ဖြစ်သည်ဟု ဇယ်လန်စကီးက ပုံခိုင်းနှိုင်းသည်။  

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံနိုင်ရန် ရည်ရွယ်သော အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီအနေဖြင့် ရုရှကို ထုတ်ပယ်ရန် ဇယ်လန်စကီးက တောင်းဆိုပြီး ယင်းမှသာ “ရုရှအနေဖြင့် ကိုယ်တိုင် ရန်လိုကျူးကျော်မှုနှင့် ကိုယ်တိုင် စစ်ပွဲနှင့် ပတ်သက်သော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပိတ်ပင်တားဆီးနိုင်တော့မည် မဟုတ်ကြောင်း” ၎င်းက ဆိုသည်။ 

ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှ တစ်နိုင်ငံဖြစ်သော ရုရှသည် ဗီတိုအာဏာ ရှိထားခြင်းကြောင့် ကမ္ဘာ့ရေးရာများ၌ ဆုံးဖြတ်ချက်များနှင့် စေ့စပ်ညှိနှိုင်းမှုများကို ပိတ်ပင်ပယ်ချခြင်းများ လုပ်ပိုင်ခွင့်အာဏာ ရှိထားသည်။ 

ထိုအတွက် လုံခြုံရေးကောင်စီ၏ မည်သည့် ဗီတိုအာဏာမဆို သို့မဟုတ် မည်သည့် အကြံပြုချက်မဆို ဗီတိုသုံး ပယ်ချနိုင်ခြင်းကြောင့် ရုရှကို ထုတ်ပယ်နိုင်ခြင်း မရှိသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ 

“ရွေးစရာ မရှိဘူး ဆိုရင်တော့ ကုလသမဂ္ဂအနေနဲ့ ကိုယ်တိုင် တရားဝင် ဖျက်သိမ်းရမှာက နောက်ထပ် ရွေးချယ်စရာပဲ”ဟု ဇယ်လန်စကီးက ဆက်လက်ပြောသည်။ 

“အမျိုးသမီးများနှင့် လူကြီးမင်းများခင်ဗျာ၊ ကုလသမဂ္ဂကို ပိတ်ပစ်ဖို့ အသင့် ဖြစ်ပါပြီလား၊ မဖြစ်ဘူးလို့ ဖြေတယ်ဆိုရင်တော့ ခင်ဗျားတို့အနေနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဘူချာမြို့ကို ရုရှတပ်များက သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သော်လည်း မကြာသေးခင်က ၎င်းတို့ ရုပ်သိမ်းသွားချိန်တွင် ယူကရိန်း အာဏာပိုင်များနှင့် အေအက်ဖ်ပီ အပါအဝင် လွတ်လပ်သော နိုင်ငံတကာမီဒီယာများ ရောက်ရှိခဲ့ချိန်၌ အရပ်ဝတ်အရပ်စားဖြင့် သေဆုံးနေသူများ၏ ရုပ်အလောင်းများကို တွေ့ရှိပြီး အချို့မှာ လက်နောက်ပြန် ကြိုးတုပ်လျက် အနီးကပ် တေ့ပစ်ခံထားရဟန်ဖြင့် သေဆုံးနေကြခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required