ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ အမေရိကန် ပေးပို့မည်

ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ အမေရိကန် ပေးပို့မည်
Photo - AFP

ဧပြီ ၆

ယူကရိန်း၏ တင့်ကားဖျက်လက်နက် လိုအပ်မှုကို ဖြည့်ဆည်းပေးရန် ဒေါ်လာ သန်း ၁၀၀ ဖိုး စစ်ရေးအကူအညီ ထပ်မံ ပေးပို့သွားမည် ဖြစ်ကြောင်း အမေရိကန်က ဧပြီ ၅ ရက်တွင် ကြေညာသည်။

“ဒီကနေ့ အစောပိုင်းမှာ သမ္မတဆီက တာဝန်လွှဲအပ်ချက်တစ်ခုအရ ထပ်တိုး တင့်ကားဖျက်လက်နက်စနစ်တွေနဲ့ပတ်သက်လို့ ယူကရိန်းရဲ့ အရေးတကြီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ လုံခြုံရေးအကူအညီ ထုတ်ယူအသုံးပြုဖို့ ကျွန်တော် ခွင့်ပြုပေးခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြောဆိုသည်။

ဘူချာမြို့နှင့် ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှတပ်ဖွဲ့များ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကမ္ဘာက ထိတ်လန့် တုန်လှုပ်ခဲ့ရကြောင်း ၎င်းက ပြောခဲ့သည်။

ယခု ထပ်တိုး ဘဏ္ဍာငွေ ထောက်ပံ့မှုကို Javelin တင့်ဖျက်လက်နက်စနစ်များအတွက် ယူကရိန်း၏ အရေးပေါ် လိုအပ်မှုတစ်ရပ်ကို ဖြည့်ဆည်းပေးရန် အသုံးပြုသွားမည် ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သီးခြားထုတ်ပြန်ပြောဆိုသည်။

ယူကရိန်းနိုင်ငံသားများသည် ၎င်းတို့နိုင်ငံကို ထိထိရောက်ရောက် ခုခံကာကွယ်ရန် ပခုံးထမ်းဒုံးများကို အသုံးပြုနေခဲ့ကြသည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်ကလည်း ပင်တဂွန်က ယူကရိန်းအတွက် ဒေါ်လာ သန်း ၃၀၀ ဖိုး ထပ်တိုးစစ်ရေးအကူအညီ ပေးအပ်ကြောင်း ကြေညာခဲ့သည်။

ယခု နောက်ဆုံးပေးအပ်သော စစ်ရေးအကူအညီအရ ဆိုလျင် ဖေဖေါ်ဝါရီ ၂၄ ရက် ရုရှ ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းအတွက် အမေရိကန်ပေးအပ်သော စစ်ရေးအကူအညီ တန်ဖိုးသည် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံအထိ ရှိသွားပြီဖြစ်သလို သမ္မတ ဂျိုးဘိုင်ဒင် ရာထူးသက်တမ်း စတင်တာဝန်ယူပြီးနောက်ပိုင်း ယူကရိန်းထံ အမေရိကန် ပေးအပ်သော အကူအညီတန်ဖိုးသည် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံအထိ ရှိပြီဖြစ်ကြောင်း ဂျွန်ကာဘီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required