ထိုင်ဝမ်က ယူကရိန်းစစ်ပွဲမှ သင်ခန်းစာများရယူလျက် စစ်ဘက်သုံး ဒရုန်းယာဉ်များကို တီထွင်ရန် ကြိုးပမ်း

ထိုင်ဝမ်က ယူကရိန်းစစ်ပွဲမှ သင်ခန်းစာများရယူလျက် စစ်ဘက်သုံး ဒရုန်းယာဉ်များကို တီထွင်ရန် ကြိုးပမ်း

ရုရှား၏ကျူးကျော်မှုကို တွန်းလှန်ရန် ယူကရိန်း၏ ဒရုန်းများအား အသုံးပြုပုံကို တွေ့မြင်ပြီးနောက်ပိုင်း ထိုင်ဝမ်သည် တရုတ်အား ကာကွယ်ရာတွင် အားကောင်းစေရန် စစ်ဘက်သုံးဒရုန်းယာဉ်များ တီထွင်မှုကို အရှိန်မြှင့်တော့မည်ဖြစ်သည်။

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ယူကရိန်းဒရုန်းယာဉ်များ၏ ထိရောက်မှုကို သတိပြုမိကာ မကြာသေးမီက “စစ်တပ်အတွက်ပဲဖြစ်ဖြစ် အရပ်ဘက်သုံးဖို့ပဲဖြစ်ဖြစ် နောက်မျိုးဆက်အတွက် အရေးပါတဲ့ ကိစ္စဖြစ်လို့ ဒရုန်းတီထွင်ထုတ်လုပ်မှု အရှိန်မြှင့်ဖို့ အလွန်လိုအပ်ပါတယ်” ဟု ပြောသည်။

သို့သော် တရုတ်ပြည်မကြီးတွင် ပိုမိုအဆင့်မြင့်သော မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်း ရှိနေသောကြောင့် ထိုင်ဝမ်အနေဖြင့် အောင်မြင်မည်လားဆိုသည်မှာ သေချာစွာ မပြောနိုင်ကြောင်း လေ့လာသူများက သတိပေးခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်အား လိုအပ်ပါက ၎င်း၏ထိန်းချုပ်မှုသို့ ပြန်လည်ထည့်သွင်းမည့် ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ထားသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်က တိုင်ဝမ်အား တရုတ်တစ်နိုင်ငံတည်းမူကို လက်ခံရေးနှင့် ပေါင်းစည်းရေးဆွေးနွေးပွဲများကျင်းပရေး တွန်းအားပေးရန် ကျွန်းတစ်ဝိုက်တွင် နေ့စဉ်နီးပါး စစ်လေယာဉ်များ စေလွှတ်မှုအပါအဝင် ဖိအားများ ပေးခဲ့သည်။

စိုင်အင်ဝမ်သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က ဒေသဆိုင်ရာ အစိုးရက ဉာဏ်ရည်တုနှင့် ဒရုန်းနည်းပညာကို သုတေသနပြု တီထွင်ထုတ်လုပ်မည့် အာကာသယာဉ်ရပ်နားစခန်းဖွင့်လှစ်ရန် စီစဉ်နေသော အနောက်တောင်ပိုင်း ကျားအိရှင်းမြို့သို့ အလည်အပတ်ရောက်ရှိစဉ် မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်တွင် အစိုးရက ပံ့ပိုးထားသည့် ထိုင်ဝမ် ထိပ်တန်းလက်နက်ထုတ်လုပ်ရေး လုပ်ငန်း National Chung-Shan Institute of Science and Technology က ခေတ်မီဆန်းကြယ်သော ဒရုန်းများတည်ဆောက်ရာတွင် ဒေသတွင်းတီထွင်သူများနှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း စိုင်အင်ဝမ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် Thunder Tiger Technology၊ GEOSAT Aerospace & Technology နှင့် Coretronic Intelligent Robotics အပါအဝင် ထုတ်လုပ်သူအများအပြားရှိပြီး အဆိုပါကုမ္ပဏီများသည် ပျံသန်းမှုစနစ်များနှင့် ဒရုန်းနည်းပညာ၏ အခြားကဏ္ဍများဆိုင်ရာ သုတေသနနှင့် တီထွင်မှုကို အထူးအလေးထား လုပ်ဆောင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly