မန္တလေး၌ စစ်ကောင်စီ သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခံရ

မန္တလေး၌ စစ်ကောင်စီ သတင်းပေးဟုဆိုသူ သေနတ်ဖြင့် ပစ်ခံရ

ဧပြီလ ၅ ရက်

မန္တလေး၌ စစ်ကောင်စီ သတင်းပေးဟု ဆိုသူ တစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခံရကြောင်း  ဒေသခံများထံက သိရသည်။

မဟာအောင်မြေ မြို့နယ် ၊ သံလျက်မှော် အနောက်ရပ်ကွက်  လက်ပံရပ် ၄၁ (B) လမ်းနှင့် ၉၁ (E) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် သေနတ်ဖြင့် ခြောက်ချက် ပစ်ခံရခြင်း ဖြစ်သည်။

"ဒလန် ဆန်းလွင်တဲ့။ ဒီလူက လောင်းကစားဝိုင်းတွေ ဆီကနေ၊ ရဲကို ဆက်ကြေး ကောက်ပေးတယ်။ မနက်က လက်ပံ ဓမ္မာရုံဘေးက လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေတုန်း အပစ်ခံရတာ။ တဒိုင်းဒိုင်းနဲ့  လေးငါး ခြောက်ချက်လောက်ကို ရှိမှာ။ သေလားရှင်လားတော့ မပြောတတ်" ဟု အခင်း ဖြစ်နေရာ အနီး နေထိုင်သူ တစ်ဦးက  ပြောသည်။

လက်ရှိတွင် ၎င်းအား စိုးရိမ်ရ ဒဏ်ရာများဖြင့် ဆေးရုံ ပို့ဆောင်ထားရသည်ဟု ဆိုသည်။

သေနတ်ပစ်ခံရမှုကြောင့် ဦးဆန်းလွင်မှာ ဝဲဘက် ခြေသလုံး ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ ယာဘက်လက်  ဖောက်ဝင်ဒဏ်ရာ  တစ်ချက်၊  ယာဘက်ပါးပြင်အနီး  ဖောက်ဝင်ဒဏ်ရာ  တစ်ချက်၊ ဝဲဘက်ပါးပြင် ဖောက်ဝင်ဒဏ်ရာ  တစ်ချက်နှင့် ယာဘက်ခြေထောက် ဖောက်ဝင်ဒဏ်ရာ  တစ်ချက်တို့  ရရှိခဲ့ကြောင်း နယ်မြေခံ  ရဲတပ်ဖွဲ့နှင့်  နီးစပ်သူ  တစ်ဦးထံက  သိရသည်။

ပစ်ခတ်မှုကို မည်သူ မည်သည့် အဖွဲ့အစည်းက  လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required