လူမျိုးစု ၂ စုအကြား သဟဇာတဖြစ်ရေးကြိုးပမ်းမှုကို စစ်ကောင်စီကဟန့်တားနေကြောင်း AA ပြော

လူမျိုးစု ၂ စုအကြား သဟဇာတဖြစ်ရေးကြိုးပမ်းမှုကို စစ်ကောင်စီကဟန့်တားနေကြောင်း AA ပြော

ဧပြီလ ၅ ရက်

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးစုနှစ်စုအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေး ရက္ခိုင့် တပ်တော်(AA)၏ကြိုးပမ်းမှုအပေါ် အာဏာသိမ်းစစ်ကောင်စီကမလိုလားဘဲ ကန့်ကွက်ဟန့်တားမှု များပြုလုပ်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရက္ခိုင့် တပ်တော် (AA) ၏ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောခြင်း ဖြစ်သည်။

“ULA/AA က ကြိုးပမ်းလုပ်ဆောင်နေတဲ့ အာရက္ခဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာတွေအကြား သဟဇာတဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ရရှိရေးလုပ်ငန်းစဉ်တွေကိုလည်း စစ်ကောင်စီဘက်က တောက်လျှောက်ကန့်ကွက်၊ နှောင့်ယှက်နေတာ ကို တွေ့ရပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒေသတွင်း မတူညီသည့် လူမျိုး၊ ဘာသာများအကြား မတည်မငြိမ်ဖြစ်ရန် ပြဿနာ ဖြစ်ရေးဖန်တီးရန် နည်းမျိုးစုံဖြင့် ကြိုပမ်းနေကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသမှ ရိုဟင်ဂျာကျေးရွာများ တွင် AA က ဆေးကုသပေးခြင်း၊ ဒေသခံများ၊ ရပ်ရွာလူကြီးများဖြင့် တွေ့ဆုံကာ လူမျိုးစုနှစ်စုအကြား ယုံကြည်မှုတည်ဆောက်နေခြင်းအပေါ် စစ်ကောင်စီဘက်မှ စာရေးသား ကန့်ကွက်မှုများ ပြုလုပ်ကြောင်း AA ဘက်က ပြောဆိုသည်။

“စစ်ကောင်စီရဲ့ အဲဒီလုပ်ရပ်တွေဟာ အာရက္ခဒေသ တည်ငြိမ်အေးချမ်းရေးကို မလိုလားကြောင်း ရှင်း လင်းစွာ ပြသနေတာ ဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောသည်။

ဒေသတွင်း ဆယ်စုနှစ်ပေါင်းများစွာအမြစ်တွယ်လာသော ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးစု နှစ်စု အကြား မယုံကြည်မှုပြဿနာများအပေါ် ခေတ်အဆက်ဆက်အစိုးရများက ထိထိရောက်ရောက်ကိုင် တွယ် ဖြေရှင်းခြင်း မလုပ်ဘဲ မျက်ကွယ်ပြုခဲ့သည်ဟု ရခိုင်ဒေသခံများက ပြောသည်။

အင်အားတောင့်တင်းပြီး ရခိုင်လူထုထောက်ခံမှုကို အပြည့်အဝရယူထားသော AA က နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော ပြဿနာများကို ဖြေရှင်းရန်နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ကြိုး ပမ်းနေခြင်း ဖြစ်သည်။

“ရခိုင်နဲ့ ရိုဟင်ဂျာ (မွတ်ဆလင်) တွေအကြားမှာ ရင်းနှီးသွားမယ်၊ သင့်မြတ်သွားမယ်၊ နောက်တစ်ချိန်မှာ သူတို့လိုသလို နိုင်ငံရေးမကစားနိုင်တဲ့ပုံစံမျိုး၊ အဲဒါတွေအတွက် (စစ်ကောင်စီ) သူတို့က မကျေနပ်ပုံရပါ တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေသွားမှာကို သူတို့အနေနဲ့ သဘောကျပုံမရဘူး။ အဲဒါကြောင့် ရခိုင် အုပ်ချုပ်ရေးမှာ မပါနဲ့၊ အသိအမှတ်မပြုနဲ့ AA တပ်ဖွဲ့တွေလာရင် သတင်းပို့ အဲဒါတွေကို အမြဲတမ်း သုံးနေ ကြတယ်” ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ခေါင်း စဉ်အောက်မှ လူပေါင်းခုနစ်သိန်းကျော်ခန့် တစ်ဘက် ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ မောင်းထုတ်ခံရမှုနှင့် အစု လိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု၊ နေအိမ်များမီးရှို့ခံရမှုဖြစ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) မြောက်ကြောင်း အမေရိကန်အစိုးရ ယခုနှစ်မတ်လ နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

မတရား ညှမ်းပန်းနှိပ်စက်ခံရသည် မည်သူ့ကိုမဆို ကိုယ်ချင်းစာကြောင်းနှင့် ၎င်းတို့အတွက် တရားမျှတမှု ရရှိရန်ကြိုးပမ်းမှုများအပေါ် ထောက်ခံသကဲ့သို့ အမှန်တကယ် တရားမျှတမှုရရှိရန်လိုအပ်ကြောင်း AA ဘက်က ၎င်းတို့၏ မူဝါဒကို ထုတ်ဖော်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required