အရှေ့ပိုင်းကို အကြီးအကျယ် တိုက်ခိုက်ရန် ရုရှ ပြင်ဆင်နေဟု ဆို 

အရှေ့ပိုင်းကို အကြီးအကျယ် တိုက်ခိုက်ရန် ရုရှ ပြင်ဆင်နေဟု ဆို 
Photo - AFP

ဧပြီ ၅

ရုရှ တပ်ဖွဲ့ဝင်များသည် ယူကရိန်းအရှေ့ပိုင်းက လူးဟန့်စ်ခ်ဒေသ၌ အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ဌာနေအုပ်ချုပ်ရေးမှူး ဆာဂေး ဂိုင်ဒေးက တယ်လီဂရမ်တွင် တနင်္လာနေ့က ပြောပြီး လူအမြောက်အမြား ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန်လည်း တိုက်တွန်းခဲ့သည်။ 

“မတူတဲ့ နေရာတွေကနေ လက်နက်ပစ္စည်းတွေ ပို့နေတာကို ကျွန်တော်တို့ မြင်ရတယ်၊ လူအင်အားလည်း ပို့နေတာပဲ၊ လောင်စာဆီတွေလည်း ဝင်ရောက်နေတယ်”ဟု ဗီဒီယို ထုတ်ပြန်ချက်၌ ဂိုင်ဒေးက ပြောသည်။ 

“တင်းပြည့် ထိုးစစ်ကြီးတစ်ရပ်အတွက် သူတို့ ပြင်ဆင်နေတယ်လို့ ကျွန်တော်တို့ သိနားလည်ထားတယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

ဖြစ်နိုင်သမျှ ဒေသမှ ထွက်ခွာကြရန်လည်း ဒေသခံများကို ဂိုင်ဒေးက တိုက်တွန်းသည်။ 

“ကျေးဇူးပြုပြီး အိမ်တွေ ဗုံးကြဲခံရတဲ့အထိ စောင့်မနေပါနဲ့”ဟု သီးခြားဗီဒီယို၌လည်း ၎င်းက ပြောထားသည်။ 

“ချီတုံချတုံ ဖြစ်မနေကြပါနဲ့”ဟု ၎င်းက ထပ်လောင်းပြောရင်း တနင်္လာနေ့၌ လူပေါင်း ၁,၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။ 

ရုရှသည် ကိယက်ဗ်မြို့တော်ဝန်းကျင်၌ ချထားသော တပ်များ၏ သုံးပုံနှစ်ပုံခန့်ကို ပြန်လည်ရုပ်သိမ်းပြီး ယူကရိန်း၏ အခြားနေရာ၌ တပ်ပြန်လည်ဖြန့်ကြက်ရန် စီမံကိန်းဖြင့် ဘီလာရုစ်သို့ အများစုပို့ထားကြောင်း ပင်တဂွန် အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ဗုံးတွေ၊ အမြောက်တွေနဲ့ ပစ်တာက ပိုပြီး ကြမ်းလာတယ်၊ ပြီးခဲ့တဲ့ညက လူးဟန့်စ်ခ်မြို့နား ရူဘီဇင်အရပ်ကို ထိုးဖောက်ဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ခုခံသူတွေဟာ တွန်းလှန်နိုင်ခဲ့ပြီး တင့်ကားတွေကို ဖျက်ဆီးနိုင်ခဲ့တယ်၊ ရုရှစစ်သား အလောင်း ဒါဇင်များစွာ ရှိခဲ့တယ်”ဟု ဂိုင်ဒေးက ဆိုသည်။ 

“မနေ့က ဝမ်းနည်းစရာကတော့ စေတနာ့ဝန်ထမ်းနှစ်ဦး မိုင်း ဒါမှမဟုတ် မော်တာကျည် ပေါက်ကွဲမှုကြောင့် သေဆုံးရတယ်၊ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း ဗုံးထိမှန်ခဲ့တယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

လူးဟန့်စ်ခ်နှင့် အရှေ့ပိုင်း ခါကိဗ်မြို့ကြီးကြား အလယ်တွင်ရှိသော ဘိုရိုဗာမြို့၏ မြို့တော်ဝန်ကလည်း အာဏာပိုင်များက အရပ်သားများ လုံခြုံရေးအတွက် လူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ပြောဆိုသည်။ ကိုယ်ပိုင်ကားဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်သူများအနေဖြင့် ရွှေ့ပြောင်းကြရန် တိုက်တွန်းကြောင်းလည်း ဖေ့ဘုတ်တွင် ပြောဆိုထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly