ကျောင်းသူ ၁၃ ယောက်ကို အဓမ္မပြုကျင့်ခဲ့သည့် အင်ဒိုနီးရှားကျောင်းဆရာ သေဒဏ် ချမှတ်ခံရ

ကျောင်းသူ ၁၃ ယောက်ကို အဓမ္မပြုကျင့်ခဲ့သည့် အင်ဒိုနီးရှားကျောင်းဆရာ သေဒဏ် ချမှတ်ခံရ
Photo - AFP

ဧပြီ ၅

အင်ဒိုနီးရှားနိုင်ငံတွင် အစ္စလမ် ဘာသာရေး ဘော်ဒါကျောင်းတစ်ခု၌ ကျောင်းသူ ၁၃ ဦးကို အဓမ္မပြုကျင့်မှုအတွက် အပြစ်ရှိသည်ဟု စစ်ဆေးတွေ့ရှိခဲ့သော ကျောင်းဆရာတစ်ဦးကို ဧပြီ ၄ ရက်တွင် တရားရုံးက သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။ အဆိုပါ ကျောင်းဆရာ၏ ကျူးလွန်မှုကြောင့် ကျောင်းသူ ရှစ်ဦးကို ကိုယ်ဝန်ရှိစေခဲ့ကြောင်း သိရသည်။

ယင်းအမှုကိစ္စကြောင့် နိုင်ငံရှိ ဘာသာရေး စာသင်ကျောင်းများ၌ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး၏ အာရုံစိုက်စရာ ဖြစ်စေခဲ့သည်။

အသက် ၃၆ နှစ်ရှိ ဟာရီ ဝီရာဝမ် အမည်ရ အဆိုပါ အင်ဒိုနီးရှား ကျောင်းဆရာသည် ယခုအမှုအတွက် ဖေဖေါ်ဝါရီလက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည်။

သို့သော် ၎င်းအား သေဒဏ်ချမှတ်ရန်နှင့် ဓာတုနည်းဖြင့် သင်းကွပ်ရေး တောင်းဆိုထားခဲ့သည့် တရားလိုဘက် ရှေ့နေများက ထို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့်ပတ်သက်ပြီး အယူခံတက်ခဲ့ကြသည်။

“တရားလိုဘက် ရှေ့နေတွေရဲ့ အယူခံကို မိမိတို့ လက်ခံပါတယ်” ဟု တရားသူကြီးက ပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို အနောက် ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့ တရားရုံးချုပ် ဝက်ဘ်ဆိုဒ်တွင် တနင်္လာနေ့က ဖော်ပြထားသည်။

“ဤအကြောင်းကြောင့် မိမိတို့သည် တရားခံဖြစ်သူကို သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်သည်” ဟု တရားသူကြီးက ထုတ်ဖော်ခဲ့သည်။

ဝီရာဝမ်သည် အယူခံအတွက် တရားရုံး၌ ရှိမနေခဲ့ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အင်ဒိုနီးရှားတွင် သေဒဏ်စီရင်ကွပ်မျက်မှုများကို နှစ်အနည်းငယ်ကြာ ဆိုင်းငံ့ထားခဲ့ပြီး နောက်ဆုံး သိရှိထားသည့် ကွပ်မျက်မှုများသည် ၂၀၁၆ ခုနှစ်က ဖြစ်ပေါ်ထားခဲ့သည်။

ယမန်နှစ်က ကျောင်းသူတစ်ဦး၏ မိသားစုက ၎င်းတို့၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ကျောင်းဆရာ ဝီရာဝမ်က အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိစေခဲ့သည်ဟု ရဲထံ တိုင်တန်းခဲ့ချိန်တွင် ဘန်ဒေါင်းရှိ စာသင်ကျောင်း၌ ဝီရာဝမ်၏ စော်ကားမှုကျူးလွန်ထားမှုများ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဝီရာဝမ်သည် ငါးနှစ်တာကာလအတွင်း ဆင်းရဲသော မိသားစုများမှ ဖြစ်သော ပညာသင်ဆုဖြင့် ကျောင်းတက်နေခဲ့သည့် ကျောင်းသူများကို အဓမ္မပြုကျင့်ခဲ့ကာ ၎င်းတို့အနက် ရှစ်ဦးထက်မနည်းကို ကိုယ်ဝန်ရှိစေခဲ့ကြောင်း ယခင်တရားရုံးချိန်းအတွင်း စစ်ဆေးဖော်ထုတ်တွေ့ရှိထားခဲ့သည်။

ယင်းနောက် အောက်တရားရုံးရှေ့မှောက်တွင် တရားခံဖြစ်သူက ၎င်းအား သက်ညှာမှုပေးရန် ပန်ကြားခဲ့ပြီး ၎င်းအနေဖြင့် ၎င်း၏ ကလေးများကို ကြည့်ရှုစောင့်ရှောက်ချင်သည်ဟု ပြောခဲ့သည်။

တနင်္လာနေ့ စီရင်ချက်ချမှတ်မှုက ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို ယူဆောင်ပေးခြင်း ဖြစ်ကြောင်း ကျူးလွန်ခံရသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

“ကနဦးတုန်းကတော့ သူ့ကို ထောင်ဒဏ်တစ်သက်နဲ့ ဓာတုနည်းနဲ့ သင်းကွပ်မှု ချမှတ်ဖို့ ကျွန်တော်တို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါမှလည်း သူဟာ သူကျူးလွန်တဲ့ ပြစ်မှုအတွက် နာကျင်မှုကို ခံစားရပါလိမ့်မယ်” ဟု ကျူးလွန်ခံရသူတစ်ဦး၏ ဦးလေးတော်စပ်သူ ဟစ်မက် ဒီဂျာယာက ပြောသည်။

“ဒါပေမယ့် သေဒဏ်ကပဲ တရားမျှတမှုကို ကိုယ်စားပြုလိမ့်မယ်လို့ ကျွန်တော်တို့ ခံစားမိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယခု အမှုကြောင့် တစ်နိုင်ငံလုံးမှ နာကြည်းဒေါသထွက်မှုများ ထွက်ပေါ်ခဲ့ရသည်။ ထို့ပြင် အိမ်ထောင်ရှိသူကို အဓမ္မပြုကျင့်မှု ကိစ္စများအပါအဝင် ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရစေရေးနှင့် လိင်ပြစ်မှုများကို တိုက်ဖျက်ရေး တောင်းဆိုသည့် လိင်အကြမ်းဖက်မှု ပပျောက်စေရေးဆိုင်ရာ ကြန့်ကြာနေသည့် ဥပဒေမူကြမ်းတစ်ရပ် အတည်ပြုစေရေး ပါလီမန်အပေါ် ဖိအားများလည်း တိုးမြှင့် ကျရောက်လာနေခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly