တောင်ကိုရီးယားဘက်မှ တိုက်ခိုက်လာပါက နျူလက်နက်သုံးပြီး တုံ့ပြန်တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ပြော

တောင်ကိုရီးယားဘက်မှ တိုက်ခိုက်လာပါက နျူလက်နက်သုံးပြီး တုံ့ပြန်တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ပြော

ဧပြီ ၅

မြောက်ကိုရီးယားအနေဖြင့် စစ်ကို ဆန့်ကျင်သည် ဆိုသော်လည်း အကယ်၍ တောင်ကိုရီးယားဘက်က စစ်ရေးထိပ်တိုက်တွေ့မှုကို ရွေးချယ်ခြင်း သို့မဟုတ် လက်ဦးမှု ရယူသည့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခြင်းတို့ ရှိလာပါက မိမိတို့၏ နျူကလီးယားတပ်ဖွဲ့များဘက်ကလည်း ပြန်လည် တုံ့ပြန်တိုက်ခိုက်သွားရလိမ့်မည် ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ဩဇာကြီးသည့် ညီမ ကင်ယိုဂျုံက ဧပြီ ၅ ရက်တွင် ပြောကြားလိုက်သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဖြစ်သူက မကြာသေးခင်က မြောက်ကိုရီးယားအပေါ် တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုသည့် မှတ်ချက်စကားများ ပြောဆိုခဲ့ခြင်းက “အင်မတန်ကြီးမားသော အမှားတစ်ခု” ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရနှင့် အာဏာရပါတီ၏ အကြီးတန်းအရာရှိတစ်ဦးလည်း ဖြစ်သည့် ကင်ယိုဂျုံက ပြောခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြသည်။

တောင်ကိုရီးယားစစ်တပ်တွင် သိသိသာသာ တိုးတက်ထားသည့် ပစ်ခတ်မှုအကွာအဝေး၊ တိကျမှုနှင့် စွမ်းအားများ ရှိသည့် ဒုံးကျည်အမျိုးစုံ ရှိနေကြောင်းနှင့် ယင်းတို့က မြောက်ကိုရီးယားရှိ မည်သည့်ပစ်မှတ်ကိုမဆို တိကျ၊ မြန်ဆန်စွာ ထိမှန်နိုင်စွမ်း ရှိကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဆူဝွတ်ခ်က သောကြာနေ့က ပြောခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ပို၍ အစွမ်းထက်သော ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ထားခဲ့ပြီး ယင်းသည် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်နေစဉ် မြောက်ကိုရီးယားသည် ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားလက်နက်များ စမ်းသပ်မှု ပြန်စရန် ပြင်ဆင်ကောင်း ပြင်ဆင်နေနိုင်သည်ဟု ဆိုးလ်နှင့် ဝါရှင်တန်ရှိ အရာရှိများက စိုးရိမ်ပူပန်နေကြသည်။

တောင်ကိုရီးယားဝန်ကြီး၏ မှတ်ချက်စကားများ ထွက်ပေါ်ပြီးနောက် တနင်္ဂနွေနေ့တွင် ကင်ယိုဂျုံနှင့် အခြားမြောက်ကိုရီးယားအရာရှိကြီးတစ်ဦးတို့က ထုတ်ပြန်ချက်များ ထုတ်ပြန်ကာ ပြန်လည် တုံ့ပြန်ထားခဲ့ပြီး အကယ်၍ တောင်ကိုရီးယားအနေဖြင့် လက်ဦးမှုယူသော တိုက်ခိုက်မှုတစ်ခုကဲ့သို့ “အန္တရာယ်ကြီးသော စစ်ရေးလုပ်ဆောင်ချက်” တစ်ခုခုကို လုပ်လာပါက မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားရှိ အဓိကပစ်မှတ်များကို ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required