ရုရှကို ကုလ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ရေး အမေရိကန်နှင့် ဗြိတိန် ကြိုးပမ်းမည်

ရုရှကို ကုလ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ရေး အမေရိကန်နှင့် ဗြိတိန် ကြိုးပမ်းမည်
Photo - AFP

ဧပြီ ၅

ရုရှကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားရေး ကြိုးပမ်းသွားမည့် အစီအစဉ်များကို အမေရိကန်နှင့် ဗြိတိန်တို့က ဧပြီ ၄ ရက်တွင် ကြေညာသည်။ ယူကရိန်းနိုင်ငံ ဘူချာမြို့တွင် ရုရှတပ်ဖွဲ့များက အရပ်သားပြည်သူများကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်များ ထွက်ပေါ်ပြီးနောက် လူ့အခွင့်အရေးကောင်စီကနေ ရုရှကို ဆိုင်းငံ့ရေး ကြိုးပမ်းချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“ဘူချာမြို့ကနေ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေနဲ့ ယူကရိန်းနိုင်ငံတဝန်း အကြီးအကျယ်ထိခိုက်ပျက်စီးမှုတွေကြောင့် မိမိတို့ဟာ ခုချိန်မှာ အပြောနဲ့ အလုပ် ညီအောင်လုပ်ဖို့ လိုနေပါပြီ” ဟု ကုလ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးက ဧပြီ ၄ ရက်တွင် တွစ်တာမှတဆင့် ပြောသည်။

“မိမိတို့အတွက် အင်မတန် အရေးကြီးတယ်လို့ ခံယူထားတဲ့ စည်းမျဉ်းတိုင်းကို ထိပါးဖြိုဖျက်နေတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကောင်စီမှာ ဆက်လက်ပါဝင်စေဖို့ မိမိတို့ ခွင့်ပြုပေးလို့ မရနိုင်ပါဘူး” ဟု သူမက ပြောသည်။

လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ရုရှကို ဆိုင်းငံ့ထားရေး မဲခွဲမှုကို ဧပြီ ၇ ရက်တွင် ပြုလုပ်သွားနိုင်သည်ဟု အမေရိကန်က ပြောသည်။

“ဘူချာမြို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုတွေနဲ့ စက်ဆုပ်ရွံရှာဖွယ် သတ်ဖြတ်မှု သတင်းတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ အားကောင်းတဲ့ သက်သေအထောက်အထားတွေကို ထောက်ဆရရင်တော့ ရုရှဟာ ကုလလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်ရှိလို့ မရနိုင်ပါဘူး။ ရုရှကို ဆိုင်းငံ့ရပါလိမ့်မယ်” ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရက်စ်က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ရုရှက အပြင်းအထန် တုံ့ပြန်ခဲ့သည်။ “ဒါက ယုံနိုင်စရာကို မရှိပါဘူး” ဟု ကုလ ဆိုင်ရာ ရုရှသံအမတ် ဗက်ဆီလီ နက်ဘန်ဇီအာက ပြောသည်။ “အနောက်အုပ်စုဘက်က ရုရှနဲ့ပတ်သက်လို့ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတာတွေ၊ နောက်ပြီး ကမ္ဘာမှာ ကျွန်တော်တို့ ပါဝင်နေတဲ့ ဘက်ပေါင်းစုံ ဖိုရမ်တွေကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းနေတာတွေက မကြုံစဖူးပါပဲ” ဟု ၎င်းက ပြောသွားခဲ့သည်။

“ဒီလို လုပ်တာက ရုရှနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဖြစ်ပျက်နေတာတွေအပေါ် အကူအညီ ဖြစ်စေမှာမဟုတ်သလို ထောက်ကူအားပေးမှာလည်း မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ယူကရိန်းမြို့တော် ပြင်ပရှိ ဘူချာမြို့တွင် ရုရှတပ်များ ပြန်ဆုတ်ခွာပြီး ယူကရိန်းတပ်များ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် လက်ပြန်ကြိုးတုပ်ခံထားရသူတချို့အပါအဝင် အရပ်ဝတ်အရပ်စားဖြင့် သေဆုံးနေသော အလောင်းများကို ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဂျာနယ်လစ်များ တွေ့မြင်ခဲ့ရသည်။

အများအပြားမှာ ဦးခေါင်းအနောက်ကနေ ပစ်သတ်ခံထားရကြောင်း ဘူချာ မြို့တော်ဝန် အေနက်တိုလီ ဖက်ဒိုရွတ်က ပြောသည်။

သတ်ဖြတ်ခံရမှုများ၏ အတိုင်းအတာကို တစ်စချင်း ဆက်စပ်နေဆဲဖြစ်သော်လည်း လက်ရှိအချိန်အထိ အရပ်သားအလောင်း ၄၁၀ ကို ပြန်ရှာတွေ့ထားကြောင်း ယူကရိန်းရှေ့နေချုပ် အိုင်ရီနာ ဗီနီဒီကိုဗာက ပြောသည်။

ဘူချာမြို့မှ ရုပ်ပုံများက “ဖြစ်နိုင်ခြေရှိ စစ်ရာဇဝတ်မှုများ” ကို ညွှန်ပြနေသည်ဟု ကုလ လူ့အခွင့်အရေးအကြီးအကဲ မစ်ချယ်လီ ဘက်ချ်လက်က ပြောသည်။

ရုရှတပ်ဖွဲ့များက အရပ်သားများကို သတ်ဖြတ်ခဲ့ခြင်း မရှိဟု ရုရှအစိုးရဘက်က ငြင်းဆိုပြီး ဘူချာမြို့မှ အလောင်းများ၏ ဓာတ်ပုံများက ‘အတုအယောင်များ” ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

လူ့အခွင့်အရေးကောင်စီကနေ ရုရှကို ဆိုင်းငံ့ရေးက ကုလ အထွေထွေညီလာခံတွင် အဖွဲ့ဝင်များအနက် သုံးပုံ နှစ်ပုံက ထောက်ခံမဲပေးရန် လိုသည်။ လိုအပ်သည့် အများစုထောက်ခံမဲ သုံးပုံ နှစ်ပုံတွင် ကြားနေမဲများကို ထည့်တွက်မည် မဟုတ်သော်လည်း ယခုကိစ္စကို အထမြောက်အောင်လုပ်နိုင်လိမ့်မည်ဟု အမေရိကန်နှင့် ဗြိတိန်က ယုံကြည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly