ဘူချာမြို့တွင် အရပ်သားများအား ရုရှ၏ သတ်ဖြတ်မှုက ‘လူမျိုးတုံး သတ်ဖြတ်မှု’ ဟု ဇယ်လန်စကီး ပြော 

ဘူချာမြို့တွင် အရပ်သားများအား ရုရှ၏ သတ်ဖြတ်မှုက ‘လူမျိုးတုံး သတ်ဖြတ်မှု’ ဟု ဇယ်လန်စကီး ပြော 
Photo - AFP

ဧပြီ ၅

ရုရှတပ်ဖွဲ့များထံမှ ပြန်သိမ်းခဲ့သည့် မြို့တော် ကိယက်ဗ်အပြင်ဘက် ဘူချာမြို့တွင် အရပ်သားများအား သတ်ဖြတ်ခြင်းသည် “လူမျိုးတုံး သတ်ဖြတ်မှု” ပဲဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့တွင် ပြောသည်။ 

“ဒါဟာ စစ်ရာဇဝတ်မှုပဲ၊ လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် ကမ္ဘာက မှတ်ယူလိမ့်မယ်”ဟု ဘူချာမြို့သို့ လာရောက်စဉ်အတွင်း ဇယ်လန်စကီးက ပြောခြင်း ဖြစ်သည်။ ယူကရိန်းစစ်တပ် ပြန်သိမ်းလိုက်ပြီးနောက် ဘူချာမြို့အနှံ့တွင် လူသေရုပ်အလောင်းများစွာကို တွေ့ရှိခြင်းဖြစ်သည်။ 

“ခင်ဗျားတို့ ဒီကနေ့ ဒီမှာ ရောက်နေတယ်၊ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကိုလည်း မြင်တွေ့ကြတယ်၊ ပြည်သူ ထောင်ပေါင်းများစွာဟာ သတ်ဖြတ်ခံရတယ်၊ အဆုံးစွန် နှိပ်စက်ခံရတယ်၊ အမျိုးသမီးတွေ အဓမ္မ ပြုကျင့်ခံရတယ်၊ ကလေးတွေတောင် သတ်ဖြတ်ခံရတာကို ကျွန်တော်တို့ သိရတယ်”ဟု စစ်မှုထမ်းများ ခြံရံလိုက်ပါပြီး ကျည်ကာအင်္ကျီဝတ်ထားသည့် ဇယ်လန်စကီးက သတင်းထောက်များအား ပြောသည်။ 

“ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှုပဲ”ဟု ၎င်းက ထပ်လောင်းဆိုသည်။ 

ဘူချာမြို့တွင် အစုလိုက် ရုပ်အလာင်းများ မြုပ်နှံထားခြင်းနှင့် အရပ်သားများအား ကွပ်မျက်ခဲ့ပုံရှိခြင်းများကို မြင်တွေ့ရပြီးနောက် ယူကရိန်းနှင့် အနောက်နိုင်ငံများသည် ရုရှတပ်များက စစ်ရာဇဝတ်မှုများ ကျူးလွန်ကြကြောင်း စွပ်စွဲထားပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ICC တွင် အရေးယူသွားရန် စိတ်ပိုင်းဖြတ်ထားကြသည်။ 

ယူကရိန်းစစ်သားများ မကြာသေးခင်က ပြန်လည်သိမ်းယူခဲ့သော ယင်းမြို့၌ အရပ်သားများအား သတ်ဖြတ်ခြင်းမရှိကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်သည်။ 

ပြင်ပရှိ လူမြင်ကွင်းတွင် လက်နှင့် ခြေထောက်များကို ကြိုးတုပ်ထားပြီး ပစ်သတ်ထားသည့် ရုပ်အလောင်းအချို့ကို တွေ့ရှိရသည့် ဘူချာမြို့က မြင်ကွင်းများကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နှင့် နေတိုးအုပ်စုတို့က ထုတ်ဖော်ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required