ပြန်ဆပ်ရန် သတ်မှတ်ရက်ထက် ကျော်လွန်နေသည့် အကြွေး ဒေါ်လာ ၅၅ ဒသမ ၆ သန်းကို တရုတ်က ပါကစ္စတန်နိုင်ငံမှ တောင်းခံ

ပြန်ဆပ်ရန် သတ်မှတ်ရက်ထက် ကျော်လွန်နေသည့် အကြွေး ဒေါ်လာ ၅၅ ဒသမ ၆ သန်းကို တရုတ်က ပါကစ္စတန်နိုင်ငံမှ တောင်းခံ

လာဟိုး လိမ္မော်ရောင်းလိုင် ရထားလမ်း စီမံကိန်းနှင့် ဆက်စပ်သည့် ပြန်ဆပ်ရမည့် ကာလကျော်လွန်နေသော အကြွေး ၅၅ ဒသမ ၆ သန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမတိုင်မီ အပြီးပေးရန် ပါကစ္စတန်နိုင်ငံမှ တရုတ်က တောင်းဆိုလိုက်သည်။

အဆိုပါ ရထားလမ်းစီမံကိန်း ပြီးစီးခဲ့ပြီဖြစ်သော်လည်း ပေးဆပ်ရမည့် အကြွေးများကို တရုတ်ကုမ္ပဏီ M/S China Railway-North Industries Corporation (CR-NORINCO) က ပါကစ္စတန်၏ Punjab Mass Transit Authority (PMTA) အနေဖြင့် သတ်မှတ်ကာလလွန်နေသည့် အကြွေးများအနက်မှ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၃ သန်းကို လာမည့်နှစ် မတ်လမတိုင်မီနှင့် နောက်ထပ် ဒေါ်လာ ၁၀ ဒသမ ၃ သန်းကို အဆိုပါ နှစ်မကုန်မီ ပေးဆပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာ ၉၂၂ သန်း တန်ဖိုးရှိ အဆိုပါ ရထားလမ်းစီမံကိန်းသည် ၂၅ လ ကြန့်ကြာခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးခဲ့သည်။

ပေးရန် ကျန်ရှိနေသည့် ငွေများကို စာချုပ် သက်တမ်းမလွန်မီ သို့မဟုတ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မတိုင်မီ ပေးရန် ကုမ္ပဏီက တောင်းဆိုထားကြောင်း ပြည်တွင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ပါကစ္စတန်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး အခက်အခဲများကို ကြုံတွေ့နေရသည်။ အတိုက်အခံပါတီများက ဝန်ကြီးချုပ် အီမရန်ခန်းအား အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းထားကြသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊ အလုပ်လက်မဲ့နှုန်းများပြားခြင်းနှင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှု ကြောင့် နိုင်ငံ၏ စီးပွားရေး မတည်မငြိမ်ဖြစ်နေသည်။

ထို့ပြင် ပါကစ္စတန်တွင် ပိုးလမ်းမရပ်ဝန်း စီမံကိန်းများ ကြန့်ကြာနေခြင်းကို ၎င်း၏ မဟာမိတ်လည်းဖြစ်သော တရုတ်က စိတ်ပျက်နေသည်။

ပါကစ္စတန်နိုင်ငံအနေဖြင့် လိုအပ်သည့် ငွေကြေးများကို မည်သည့်နေရာမှ ပြန်လည်ရရှနိုင်မည်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်ရန် မဖြစ်နိုင်သည့် အမည်ပျက်စာရင်း ကိစ္စ၊ နိုင်ငံတကာမှ အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးနိုင်မည့် အခြေအနေ၊ ပုဂ္ဂလိကပိုင် ပြုလုပ်နိုင်ဖွယ်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း မေးခွန်းများ ထုတ်ထားကြောင်းပါကစ္စတန် ဘဏ္ဍာရေးဆိုင်ရာ နေ့စဉ်သတင်းစာ Business Recorder တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly