ရုရှား-ယူကရိန်းစစ်ပွဲတွင် နိုင်ငံတကာစည်းလုံးညီညွတ်မှုကြောင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ် သတိထားနေရ

ရုရှား-ယူကရိန်းစစ်ပွဲတွင် နိုင်ငံတကာစည်းလုံးညီညွတ်မှုကြောင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ် သတိထားနေရ

ယူကရိန်းပေါ် ရုရှားကျူးကျော်မှုအပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ စည်းလုံးညီညွတ်မှုနှင့် တုံ့ပြန်မှုကို တွေ့မြင်ရပြီးနောက် သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်သည် ထိုင်ဝမ်အပေါ် ၎င်း၏ အပြုအမူနှင့်ပတ်သက်ပြီး သတိကြီးကြီးဖြင့် တွက်ချက်ရပေလိမ့်မည်။

ယူကရိန်း-ရုရှား အကျပ်အတည်းသည် ထိုင်ဝမ်ဆိုင်ရာ အနာဂတ်အစီအစဉ်အတွက် လှုပ်ရှားမှုကို တွက်ချက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိစေခဲ့ပြီး ငြိမ်းချမ်းနေသောအခြေအနေတွင် တစ်စုံတစ်ဦးက ကျူးကျော်ရန် ကြိုးပမ်းပါက နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့တုံ့ပြန်မည်ကို ကြိုတင်မျှော်မှန်းနိုင်ကြောင်း ကနေဒါအခြေစိုက် အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS)က ပြောသည်။

ရုရှားသည် ခေတ်မီယူကရိန်းပိုင်နက်မှ ထွက်ပေါ်လာ‌သော အဆက်မပြတ်ခြိမ်းခြောက်မှုကြောင့် လုံလုံခြုံခြုံနှင့်တည်ရှိနေသည်ဟု မခံစားရဟုဆိုသော အကြောင်းပြချက်ဖြင့် ယူကရိန်းကို စစ်ကင်းမဲ့ရေးနှင့် နာဇီရှင်းထုတ်ရေးဟူသောရည်ရွယ်ချက်ဖြင့်လုပ်ဆောင်သော ပူတင်၏ အထူးစစ်ဆင်ရေးအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှုကို ကြည့်ပြီး တရုတ် အထူးသဖြင့် ရှီအတွက် ကြီးမားသော သင်ခန်းစာ ရလာပေလိမ့်မည်။

ယခုအချိန်အထိ ရလဒ်အနေဖြင့် ရုရှားအပေါ် နိုင်ငံတကာ၏ ရှုတ်ချမှုနှင့် သပိတ်မှောက်မှုများ၊ အမေရိကန်နှင့် အီးယူတို့က စီးပွားရေး ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားသည် အပယ်ခံ နိုင်ငံဖြစ်လာကြောင်း IFFRAS က ဆိုသည်။

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများချမှတ်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏စည်းလုံးညီညွတ်မှုသည် တရုတ်နိုင်ငံ၏ ပထဝီဝင်နိုင်ငံရေး အစီအမံများကို နှောင့်ယှက်လျက်ရှိပြီး အမေရိကန်နှင့် ဥရောပအကြား စည်းလုံးညီညွတ်မှု ကြီးထွားလာကာ ယူကရိန်းအကျပ်အတည်းက ဟာကွက်ကို ဖြည့်ဆည်းပေးကြောင်း IFFRAS ပြောကြားခဲ့သည်။

စည်းလုံးညီညွတ်သောတပ်ဦး အားကောင်းလာပါက ယင်းသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များအတွက် ကြီးမားသောဒုက္ခဖြစ်သည်သာမက ထိုင်ဝမ်ဆိုင်ရာ တရုတ်အစီအစဉ်များအတွက် အကျိုးသက်ရောက်မှုများလည်း ရှိလာမည်ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင်ပင် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်းဂန်က အမေရိကန်သည် ထိုင်ဝမ်အခြေအနေနှင့် ပတ်သက်၍ တရုတ်နှင့် စစ်ရေးအရ ပဋိပက္ခများ ရင်ဆိုင်ရနိုင်သည်ဟု အမေရိကန်အား သတိပေးခဲ့သည်။

အထူးသဖြင့် ရုရှား၏ စစ်ရေးစစ်ဆင်ရေးအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်မှုသည် တရုတ်နိုင်ငံအတွက် ပြင်းထန်သော သတိပေးချက်တစ်ခုပင်ဖြစ်သည်။

တရုတ်သည် ယူကရိန်း-ရုရှား အကျပ်အတည်းမှ သင်ခန်းစာယူခြင်းဖြင့် ထိုင်ဝမ်နှင့်ပတ်သက်ပြီး နောက်ထပ်မည်သည့်ခြေလှမ်းမှုမျိုးကိုမဆို သတိထားရလိမ့်မည်ဟု IFFRAS ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly