နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွှေနှင့် ဒေါ်လာအမှု အပြီးသတ် လျှောက်လဲချက် ကြားနာမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ရွှေနှင့် ဒေါ်လာအမှု အပြီးသတ် လျှောက်လဲချက် ကြားနာမည်

ဧပြီလ ၄ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဦးဖြိုးမင်းသိန်း ထံမှ ရွှေနှင့် ဒေါ်လာများ လက်ခံရယူ ခဲ့သည်ဟု ဆိုကာ အဂတိဖြင့် စွပ်စွဲထားသည့် အမှုအား ဧပြီလ ၁၈ ရက်နေ့ ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲချက် ကြားနာမည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် ရွှေနှင့် ဒေါ်လာများ ဦးဖြိုးမင်းသိန်း က ပေးအပ်ခဲ့ခြင်း မရှိသလို ၎င်းအနေဖြင့် လက်ခံရယူခဲ့ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုထားသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အောက်တိုဘာလ ၁ ရက်နေ့ ရုံးချိန်းတွင် အမေရိကန် ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာ ပေးအပ်ခဲ့သည်ဟု ထွက်ဆိုခဲ့ပြီး ယင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် က “All Absurd”  (အားလုံး အဓိပ္ပာယ်မဲ့) ဟု မှတ်ချက်ပေးခဲ့သည်။

တရားလို ဖြစ်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်မှူး ဦးရဲထက် ကို စစ်မေးစဉ်ကလည်း သက်သေခံ ပစ္စည်းဖြစ်သည့် ရွှေနှင့် ဒေါ်လာများ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံက သိမ်းဆည်းမိခြင်း မရှိဟု ထွက်ဆိုထားသည်။

ယင်းအမှုနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကိစ္စ ဆက်စပ် စွဲဆိုထားသည့် အမှု လေးမှုအား အပတ်စဉ် တနင်္လာ နေ့တိုင်း နေပြည်တော် အထူး တရားရုံးတွင် ရုံးထုတ် စစ်ဆေးလျက်ရှိကာ ယနေ့ ရုံးချိန်း တက်ရောက်သည့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သုံးဦးကို ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းကိစ္စနှင့် ဆက်စပ် စွဲဆိုထားသည့် အမှုနှစ်မှု အတွက် ဆောက်လုပ်ရေး ကုမ္ပဏီ အင်ဂျင်နီယာ အပါအဝင် တရားလိုပြ သက်သေ လေးဦးကို ပြန်လှန် စစ်မေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရပြီး အဂတိ ၁၀ မှု အပါအဝင် အမှု ၁၂ မှုဖြင့် ဆက်လက် တရား ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required