စင်ကာပူတွင် သေဒဏ်ပေးခြင်းအား ဆန့်ကျင်ပြီး ရှားရှားပါးပါး ဆန္ဒပြ 

စင်ကာပူတွင် သေဒဏ်ပေးခြင်းအား ဆန့်ကျင်ပြီး ရှားရှားပါးပါး ဆန္ဒပြ 
Photo - Google

ဧပြီလ ၄ ရက်

တင်းကြပ်စွာ ထိန်းချုပ်သည့် စင်ကာပူနိုင်င်ငံတွင် သေဒဏ်အပြစ်ပေးခြင်းကို ဆန့်ကျင်ပြီး ဆန္ဒပြသူ ရာပေါင်းများစွာသည် တနင်္ဂနွေနေ့တွင် ရှားရှားပါးပါး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မြို့ပြနိုင်ငံအနေဖြင့် ကြိုးပေးသေဒဏ်စီရင်ခြင်းများကို ဆက်လက် ဆောင်ရွက်လာတော့မည်ဟု စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်းကြောင့် ယခုကဲ့သို့ ရှားရှားပါးပါး ဆန္ဒပြကြခြင်းပင် ဖြစ်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က အာဏာပိုင်များသည် နိုင်ငံ၌ ၂၀၁၉ ခုနှစ်မှနောက်ပိုင်း ပထမဆုံး သေဒဏ်စီရင်ခြင်းအဖြစ် မူးယစ်ဆေးဝါး ကုန်သည်တစ်ဦးကို ကြိုးပေးခဲ့ခြင်း ဖြစ်သည်။ အခြားသော သေဒဏ်အပြစ်ဒဏ် ချမှတ်ထားသူများ၏ အသနားခံစာကိုလည်း မကြာသေးခင်က ပယ်ချထားသည်။ 

မြို့ပြနိုင်ငံတွင် ကြိုတင်ကာ ရဲအတည်ပြုချက် ယူစရာ မလိုဘဲ ဆန္ဒပြသူများကို ခွင့်ပြုထားသည့် တစ်ခုတည်းသောနေရာဖြစ်သော မြို့ပန်းခြံက ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်ပွဲသို့ လူပေါင်း ၄၀၀ ခန့် ပါဝင်ခဲ့သည်ဟု စီစဉ်သူများက ဆိုသည်။ 

ဆန္ဒပြသူများက “သေဒဏ်က ငါတို့ကို ပိုဘေးကင်းမှု မပေးဘူး” နှင့် “ငါတို့ လူအဖွဲ့အစည်းကို မသတ်ပါနဲ့” ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသကဲ့သို့ သေဒဏ်အပြစ်ဒဏ်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို အော်ဟစ်ကြသည်။ 

“သေဒဏ်အပြစ်ပေးတာဟာ ကျွန်မတို့အားလုံးကို ကြမ်းကြုတ်အောင် လုပ်နေတဲ့ လူမဆန်တဲ့ စနစ်တစ်ရပ်ပါပဲ”ဟု ထင်ရှားသော ပြည်တွင်းတက်ကြွလှုပ်ရှားသူ ခရစ္စတန် ဟန်က လူအုပ်အား မိန့်ခွန်းပြောသည်။ 

ပြည်သူ့လွတ်လပ်ခွင့်များ ထိန်းချုပ်ခံရခြင်းအတွက် မကြာခဏ ဝေဖန်ခံရလေ့ရှိသော စင်ကာပူနိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ခဲသည်။ 

ဟစ်တိုင်မှ အပ ရဲခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်လျှင် လူတစ်ဦးတည်းပင် ဖြစ်စေ ဥပဒေနှင့် ဆန့်ကျင်ခြင်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ 

အသက် ၆၈ နှစ်အရွယ် စင်ကာပူနိုင်ငံသား မူးယစ်ဆေးဝါး ကုန်ကူးသူ အက်ဘ်ဒူလ် ကာဟာ အော့မန်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများက မေတ္တာရပ်ခံနေသည့်ကြားမှပင် ဗုဒ္ဓဟူးနေ့၌ ကြိုးပေးခဲ့ခြင်း ဖြစ်သည်။  

နောက်ထပ် သေဒဏ်စီရင်ခံရနိုင်သူမှာ ဘိန်းဖြူကုန်ကူးခြင်းအတွက် အပြစ်ဒဏ် ချမှတ်ခံရသည့် မလေးရှားနိုင်ငံသား စိတ်ကျန်းမာရေး ချို့တဲ့သူ နာဂါယန်သာရန် ကေ ဒါမာလင်ဂမ်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ နောက်ဆုံး အယူခံဝင်ခြင်းလည်း ရှုံးနိမ့်ထားသည်။  

မူးယစ်ဆေးဝါး ပြစ်မှုများဖြင့် အခြားသူ သုံးဦးကိုလည်း သေဒဏ်အပြစ်ချမှတ်ထားရာ ၎င်းတို့၏ အသနားခံစာ တင်သွင်းခြင်းလည်း မတ်လအစောပိုင်းက ပယ်ချခံထားရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly