ကိယက်ဗ်အနီး မြို့များတွင် ရုပ်အလောင်းပေါင်း ၄၁၀ ကို ယူကရိန်း တွေ့ရှိ 

ကိယက်ဗ်အနီး မြို့များတွင် ရုပ်အလောင်းပေါင်း ၄၁၀ ကို ယူကရိန်း တွေ့ရှိ 

ဧပြီ ၄

ရုရှ၏ ကျူးလွန်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကိယက်ဗ်အနီးက မြို့များတွင် ရုပ်အလောင်းပေါင်း ၄၁၀ ကို ယူကရိန်းက တွေ့ရှိသော်လည်း မျက်မြင်သက်သေအချို့မှာ ၎င်းတို့ ကြုံလိုက်ရသော တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံ‌ကြောင့် စကားမပြောနိုင်လောက်အောင်ပင် အထိတ်တလန့် ဖြစ်နေသည်ဟု နိုင်ငံ၏ ရှေ့နေချုပ်က တနင်္ဂနွေနေ့တွင် ပြောသည်။ 

ကိယက်ဗ်ဝန်းကျင် အချို့ဧရိယာများမှ ရုရှတပ်များ ရုပ်သိမ်းသွားပြီးနောက် မြို့တော်၏ အနောက်မြောက်ပိုင်း ၃၇ ကီလိုမီတာ (၂၃ မိုင်) တွင်ရှိသော ဘူချာမြို့တွင် ဧရိယာကို ချေချင်းတိုက်ခိုက်ရေးသမားများက ထိန်းချုပ်ထားသော်လည်း ရုရှတပ်များသည် ဒေသခံ ၃၀၀ ကို သတ်ဖြတ်ခဲ့သည်ဟု မြို့တော်ဝန်ဖြစ်သူက ပြောသည်။ 

ဘူချာတွင် အရပ်သားများကို ၎င်းတို့၏ တပ်ဖွဲ့ဝင်များက သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များအား ရုရှက ငြင်းဆန်ထားသည်။ ရုရှတပ်များ၏ မည်သို့သော အကြမ်းဖက်မှုကိုမျှ တွေ့ကြုံခံစားရသည့် မြို့နေများ မရှိပါဟု ရုရှက ပြောပြီး ယူကရိန်းသည် အနောက်မီဒီယာများ သတင်းဖော်ပြရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။ 

ဘူချာ၊ အာပင်းနှင့် ဟိုစတိုမယ်မြို့များသို့ ယူကရိန်း အစိုးရရှေ့နေများ တနင်္ဂနွေနေ့တွင် ပထမဆုံးအဖြစ် ဝင်ရောက်နိုင်ပြီဖြစ်ပြီး ၎င်းတို့အနေဖြင့် ရာဇဝတ်မှု၏ အတိုင်းအတားကို တွက်ချက်ဖော်ထုတ်ရန် အချိန်ပို၍ လိုအပ်သည်ဟု ရှေ့နေချုပ် အီရိုင်နာ ဗီနီဒီကတိုဗာက ပြောသည်။ 

“မျက်မြင်သက်သေတွေနဲ့ ကျွန်မတို့ အတူလုပ်ကိုင်ဖို့ လိုအပ်တယ်”ဟု ဗီနီဒီကတိုဗာက ဆိုသည်။ 

“ခုတော့ လူတွေက အရမ်းဖိစီးမှု များနေပြီး စကားမပြောနိုင်လောက်အောင် ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။ 

လက်ရှိအထိ ရုပ်အလောင်း ၁၄၀ ကို စစ်ဆေးပြီးဖြစ်သော်လည်း ကိယက်ဗ်ဒေသက မြေပြင်ဆေးရုံတစ်ခုဆီ ဖြစ်နိုင်သလော မှုခင်းဆေးပညာရှင် စေလွှတ်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနကို တိုက်တွန်းသွားမည်ဟုလည်း ၎င်းက ပြောသည်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက “လူရာပေါင်းများစွာ အသတ်ခံရတယ်၊ အရပ်သားတွေကို နှိပ်စက်ညှဥ်းပန်းတယ်၊ ကွပ်မျက်တယ်၊ လမ်းတွေပေါ်မှာ ရုပ်အလောင်းတွေ ရှိနေတယ်၊ ဧရိယာတွေမှာ မိုင်းထောင်ထားတယ်၊ ရုပ်အလောင်းတွေမှာတောင် မိုင်းထောင်ထားကြတယ်”ဟု ပြောသည်။ 

အနောက်အုပ်စုအနေဖြင့် ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်မည်မှာ ကျိန်းသေသော်လည်း လုံလောက်မှု မရှိဟု ဇယ်လန်စကီးက ပြောခဲ့သည်။ 

အရပ်သား ရာပေါင်းများစွာ သတ်ဖြတ်ခံရသည်မှာ သေချာရှင်းလင်းကြောင်း ပြည်ထဲရေးဝန်ကြီး ဒီနီ မိုနာစတိုင်ယာစကီက ပြောသော်လည်း ဧရိယာတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်၍ အရေအတွက် အတိအကျကို မပြောလိုသေးကြောင်း ဆိုသည်။ 

“မြို့ခံ တော်တော်များများလည်း ပျောက်ဆုံးနေတယ် ယူဆတယ်၊ အရေအတွက် အတိအကျကို ကျွန်တော်တို့ မပေးနိုင်ဘူး၊ တော်တော်တော့ များပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly