တရုတ်က ဟိမဝန္တာဖြတ်ကျော်ရထားလမ်းစီမံကိန်းကို မဟာဗျူဟာ ရည်ရွယ်ချက်ဖြင့် တွန်းအားပေးနေ

တရုတ်က ဟိမဝန္တာဖြတ်ကျော်ရထားလမ်းစီမံကိန်းကို မဟာဗျူဟာ ရည်ရွယ်ချက်ဖြင့် တွန်းအားပေးနေ

တရုတ်နိုင်ငံသည် နယ်စပ်ဒေသများသို့ ရထားလမ်းဆက်သွယ်မှုကိုအားပေးမြှင့်တင်ရန် ရည်ရွယ်လျက် ၎င်း၏ မဟာဗျူဟာအကျိုးစီးပွားကို ဖော်ဆောင်ရန် နီပေါ-တရုတ် မီးရထားလမ်းစီမံကိန်းကို လုပ်ဆောင် လျက်ရှိသည်။

တရုတ်နိုင်ငံသည် နယ်နိမိတ်အတွင်း ရထားလမ်းဆက်သွယ်မှုကို အလျင်အမြန် တိုးတက်အောင် လုပ်ဆောင်နေစဉ်မှာ နယ်စပ်မျဉ်း၏ နီပေါဘက်ခြမ်းတွင်မူ ဟိမဝန္တာဖြတ်ကျော်ရထားလမ်းအကြောင်း ပြောဆိုမှုသည် နိုင်ငံရေးလက္ခဏာဆောင်မှုမျှသာဖြစ်သည်ဟု HK Post က ဖော်ပြသည်။

တိဗက်ရှိ ကီရောင်းဒေသနှင့် ခတ္တမန္ဒူသို့ ဆက်သွယ်ထားသော အဆိုပြုထားသည့် တရုတ်-နီပေါနယ်စပ်ဖြတ်ကျော်ရထားလမ်း (CNR) စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို အထောက်အကူဖြစ်စေမည့် စာချုပ်စာတမ်းကို တရုတ်က လက်မှတ်ရေးထိုးရန် ပြင်ဆင်ထားကြောင်း ခတ္တမန္ဒူရှိ တရုတ်သံရုံးက နီပေါတာဝန်ရှိသူများထံ တင်ပြထားသည်။

ကီရောင်မှ ခတ္တမန္ဒူသို့ ၁၂၁ ကီလိုမီတာအရှည်ရှိ ရထားလမ်းအတွက် နည်းပညာဆိုင်ရာလေ့လာမှု/ဖြစ်နိုင်ခြေအကြိုလေ့လာမှုကို China Railway First Survey and Design Institute (CRFSDI) မှ ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

လူသိရှင်ကြားမထုတ်ပြန်ရသေးသည့် CRFSDI လေ့လာမှုအရ CNR စီမံကိန်းသည် မြင့်မားသောမြေပြင်၊ တောင်စောင်းအနေအထားနှင့် ငလျင်ဒဏ်အခံရဆုံးဒေသဖြစ်နေမှု စသည့် ဘူမိဗေဒဆိုင်ရာ ရှုပ်ထွေးမှုများ ကြောင့် ကမ္ဘာပေါ်တွင် အခက်ခဲဆုံးနှင့် အန္တရာယ်အရှိဆုံး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းများထဲမှ တစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ကီရောင်-ခတ္တမန္ဒူရထားလမ်း ဖောက်လုပ်ရန် အချိန် ၉ နှစ်ကြာမည်ဖြစ်ကာ ယွမ် ၃၀ ဒသမ ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ- နီပေါနိုင်ငံ၏ ၂၀၁၈ ခုနှစ် စုစုပေါင်းဝင်ငွေ နှင့်ညီမျှသည်) ကုန်ကျမည်ဟု ခန့်မှန်းကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မတ်လ (၂၅-၂၇) ရက်တွင် သွားရောက်ခဲ့သော နီပေါခရီးစဉ်အတွင်း နီပေါဝန်ကြီးချုပ် ရှာဗဟာဒူးဒူဘာက ၎င်း၏နိုင်ငံသည် တရုတ်ချေးငွေများကို စိတ်မဝင်စားကြောင်းနှင့် ထောက်ပံ့ကူညီမှုများအတွက်သာ မေတ္တာရပ်ခံကြောင်း ပြောခဲ့သည်။

ခတ္တမန္ဒူ-တရုတ် ရထားလမ်းဆက်သွယ်မှုမှာ ငွေကုန်ကြေးကျများပြီး ခက်ခဲမည်ကို နီပေါက သတိပြုမိပြီး မည်သို့ပင်ဆိုစေ နီပေါသည် ဟိမဝန္တာတောင်တန်းတစ်လျှောက် ခက်ခဲပြီး ကုန်ကျစရိတ်များလှသော ဥမင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်ခြင်းအတွက် ငွေကြေးအကုန်မခံနိုင်ပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly