၁၉၇၁ ခုနှစ် လူမျိုးတုန်းသတ်မှုအတွက် ပါကစ္စတန်က ပြန်လည်တောင်းပန်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

By Free Press Journal
04 April 2022
၁၉၇၁ ခုနှစ် လူမျိုးတုန်းသတ်မှုအတွက် ပါကစ္စတန်က ပြန်လည်တောင်းပန်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

ပါကစ္စတန်အနေဖြင့် ၁၉၇၁ စစ်ပွဲကာလအတွင်း လွန်လွန်ကဲကဲဖြစ်ခဲ့သော ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့မှုအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူများကို တောင်းပန်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန်က မတ်လ ၂၆ ရက်တွင် ပြောသည်။

တောင်းပန်မှု ပြုလုပ်ခြင်းက နောက်တက်လာမည့် ပါကစ္စတန်အစိုးရများအတွက် ယင်းကဲ့သို့သော လုပ်ရပ်များ မကျူးလွန်စေရန် စံနမူနာပြမှုတစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့သည်။

ပါကစ္စတန်အနေဖြင့် ၁၉၇၁ ခုနှစ်က ဘင်္ဂါလီများအပေါ် ကျူးလွန်ထားသည့် ရက်စက်မှုများအတွက် မတောင်းပန်ပါက “အရှက်ရသင့်” သည်ဟု မိုမန်က ပြောခဲ့ကြောင်း Dhaka Tribune သတင်းစာက ဖော်ပြသည်။

ဒါကာမြို့ရှိ နိုင်ငံခြားရေးရာနှင့် သံတမန်ရေးရာ လေ့ကျင့်သင်ကြားမှု အင်စတီကျူ့၌ ၅၂ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် စုဝေးသည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောစဉ် မိုမန်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“အဲဒီအချိန်တုန်းက ပါကစ္စတန်စစ်တပ်ဟာ အလွန်ယုတ်မာတဲ့ ပြစ်မှုတွေနဲ့ လူမျိုးတုန်းသတ်မှုတို့ကို ကျူးလွန်ခဲ့ပါတယ်။ ပါကစ္စတန်အစိုးရဆီက သတင်းထုတ်ပြန်ချက်တွေထဲမှာတောင်မှ သူတို့ရဲ့ ညှင်းပန်းနှိပ်စက်မှုဟာ လွန်လွန်ကဲကဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့ဟာ နိုင်ငံနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအားလုံးကို ချိုးဖောက်ခဲ့ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့သည်။

၁၉၇၁ ခုနှစ်က ကျူးလွန်ထားခဲ့သော အမှားများကို လက်ခံအသိအမှတ်ပြုမှု မရှိပါက ရှေ့လာမည့်နှစ်များအတွင်း နောက်တက်လာမည့် ပါကစ္စတန်အစိုးရသည် အလားတူ အမှားများကို ထပ်မံ ကျူးလွန်လာနိုင်သည်ဟု မိုမန်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly