အာဖဂန်နစ္စတန်၌ တာလီဘန်တို့က မီဒီယာကဏ္ဍအပေါ် များ ချမှတ်နေမှုကို စိုးရိမ်ပူပန်ဟု အမေရိကန် ထုတ်ဖော်

အာဖဂန်နစ္စတန်၌ တာလီဘန်တို့က မီဒီယာကဏ္ဍအပေါ် များ ချမှတ်နေမှုကို စိုးရိမ်ပူပန်ဟု အမေရိကန် ထုတ်ဖော်

အာဖဂန်နစ္စတန်တွင် မီဒီယာလုပ်ငန်းကဏ္ဍအပေါ် တာလီဘန်တို့ဘက်မှ ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်က မတ်လ ၂၉ ရက်တွင် ထုတ်ဖော်ခဲ့သည်။

တချိန်တည်းမှာပင် အာဖဂန်ပြည်သူများ၏ ပညာရေးနှင့် လူ့အခွင့်အရေး အပါအဝင် အခွင့်အရေးများအပေါ် ထိပါးချိုးဖောက်နေမှုများ ရပ်စဲရန် တာလီဘန်တို့ကို အမေရိကန်က တိုက်တွန်းခဲ့သည်။

အထူးသဖြင့် ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေး ခုခံကာကွယ်သူများ အကြမ်းဖက်ခံရမည့်အရေး စိုးရိမ်ပူပန်စရာ မလိုဘဲ လွတ်လပ်စွာ လုပ်ကိုင်နိုင်စေရန် အပါအဝင် ကမ္ဘာတဝန်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်အပေါ် အမေရိကန်ဘက်က ထောက်ခံအားပေးသွားမည်ဟု ဆုံးဖြတ်ပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

တာလီဘန်တို့သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်က အာဖဂန်နစ္စတန်၌ ဘီဘီစီနှင့် ဗွီအိုအေတို့၏ ထုတ်လွှင့်မှု အစီအစဉ်များအပေါ် ပိတ်ပင်တားမြစ်ချက် ထုတ်ပြန်ခဲ့သည်။

ယင်းပိတ်ပင်ချက်သည် တာလီဘန်တို့ ယမန်နှစ် ဩဂုတ်လက နိုင်ငံကို ထိန်းချုပ်ပြီးနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်အပေါ် ဖိနှိပ်ရန်အလို့ငှာ အာဖဂန်မီဒီယာအပေါ် နောက်ထပ် ချမှတ်လာသည့် ပိတ်ပင်ကန့်သတ်ချက်တစ်ခု ဖြစ်သည်။

အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံတွင်း၌ တာလီဘန်တို့၏ လုပ်ဆောင်ချက်များကို အနီးကပ် ဆက်လက်စောင့်ကြည့်နေသည်ဟုလည်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ “လွတ်လပ်ပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ နိုင်ငံတကာ မီဒီယာသတင်းရင်းမြစ်တွေကို အာဖဂန်ပြည်သူတွေ သိရှိနိုင်ခွင့်အပေါ် ပိတ်ပင်တဲ့ တာလီဘန်တို့ရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ ကြားသိခဲ့ရချိန် အင်မတန် စိုးရိမ်ပူပန်မိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly