အာဖဂန်နယ်စပ်၌ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ပါကစ္စတန်စစ်သား ၄ ဦး သေဆုံး

By Zee5
04 April 2022
အာဖဂန်နယ်စပ်၌ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ပါကစ္စတန်စစ်သား ၄ ဦး သေဆုံး

အာဖဂန်နစ္စတန်ဘက်မှ ပါကစ္စတန်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့၏ ကြိုးပမ်းမှုကို ဟန့်တားခဲ့သည့် ပါကစ္စတန်စစ်သား ၄ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ မီဒီယာဌာနဖြစ်သည့် ISPR က ထုတ်ပြန်သည်။

နယ်စပ်၌ ပါကစ္စတန်စစ်တပ်နှင့် အကြမ်းဖက်သမားများအကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့စဉ် ပါကစ္စတန် စစ်သားလေးဦး သေဆုံးခဲ့သလို အကြမ်းဖက်သမားများသည်လည်း ပြင်းထန်ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ISPR ၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်သမားများသည် ပြီးခဲ့သည့် မတ်လ ၂၃-၂၄ ရက် ညသန်းခေါင်အချိန်က မြောက်ဝါဇီရစ္စတန်ခရိုင် ဟက်ဆန်ခဲလ် ဧရိယာတွင် ပါကစ္စတန်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“ပါကစ္စတန်တပ်ဖွဲ့ဝင်တွေရဲ့ နိုးနိုးကြားကြား ရှိမှုနဲ့ အချိန်ကိုက် တုံ့ပြန်ခဲ့မှုကြောင့် အကြမ်းဖက်သမားတွေရဲ့ ချဉ်းနင်းဝင်ရောက်ဖို့ ကြိုးပမ်းမှုဟာ ပျက်ပြားသွားခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဘက်က ပစ်ခတ်ခဲ့တဲ့အတွက် မိမိတို့ဘက်ကလည်း ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့ရပါတယ်” ဟု ISPR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် စစ်သားလေးဦးမှာ ဂီဂစ် ဘော်လ်တစ္စတန်ဒေသ ဂီဇာခရိုင်မှ အသက် ၃၄ နှစ်ရှိ လန့်စ် ဟာဗယ်လ်ဒါ ဂါဂျဟတ် အလမ်နှင့် အသက် ၃၂ နှစ်ရှိ စီပွိုင် မာဘူးလ် ဟာယက်၊ ရှိတ်ခူပူရာ ခရိုင်မှ အသက် ၂၅ နှစ်ရှိ စီပွိုင် ဆာဂျစ်ဒ် အင်အေယက်တ်နှင့် စကာဒူးမြို့မှ အသက် ၂၂ နှစ်ရှိ စီပွိုင် ဆာဂျစ် အလီ တို့ဖြစ်ကြောင်း သိရသည်။

“ပါကစ္စတန်စစ်တပ်အနေနဲ့ အကြမ်းဖက်မှုအန္တရာယ်ကို အမြစ်ဖြတ် ရှင်းလင်းဖို့ စိတ်ပိုင်းဖြတ်ထားသလို ခုလိုမျိုး မိမိတို့ရဲ့ ရဲရင့်တဲ့ စစ်သားတွေရဲ့ အသက်ပေးစွန့်လွှတ်မှုတွေက မိမိတို့ရဲ့ စိတ်ပိုင်းဖြတ်မှုကို ပိုမိုအားကောင်းစေပါတယ်” ဟု ISPR က ယင်းဖြစ်စဉ်အပြီး ထုတ်ဖော်သွားခဲ့သည်ဟု ပါကစ္စတန် မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required