အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်ရှိ ရေဒီယို အသံလွှင့်ဌာနကို တာလီဘန်တို့ ပိတ်သိမ်းပြီး ဂျာနယ်လစ်များကို ဖမ်းဆီး

By The Print
04 April 2022
အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်ရှိ ရေဒီယို အသံလွှင့်ဌာနကို တာလီဘန်တို့ ပိတ်သိမ်းပြီး ဂျာနယ်လစ်များကို ဖမ်းဆီး

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်တွင် တာလီဘန်တို့က Voice of the Nation အမည်ရှိ ရေဒီယို အသံလွှင့်ဌာနတစ်ခုကို ပိတ်သိမ်းပြီး ဂျာနယ်လစ်များကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မနက်ပိုင်းက ကန်ဒါဟာပြည်နယ်မှာ ရှိတဲ့ နိုင်ငံ့ အသံ ဆိုတဲ့ ရေဒီယိုစတေရှင်တစ်ခုကို တာလီဘန် ထောက်လှမ်းရေးတွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ အာဖဂန် ထောက်လှမ်းရေးစင်တာက ပြောပါတယ်။ ပြီးတော့ နယ်ခံ ဂျာနယ်လစ်သုံးဦးကိုလည်း ဖမ်းသွားတယ်လို့လည်း သိရပါတယ်။ သတင်းထောက်တွေကို ဖမ်းပြီးတဲ့နောက် ရေဒီယိုစတေရှင်ကို တာလီဘန်တို့ ပိတ်သိမ်းသွားခဲ့တယ်လို့ သတင်းထောက်များစင်တာကလည်း ထုတ်ဖော်ထားပါတယ်” ဟု ပြည်တွင်း မီဒီယာက တွစ်တာတွင် ရေးသည်။

မတ်လ ၂၈ ရက် အစောပိုင်းကလည်း တာလီဘန်တို့သည် ကန်ဒါဟာပြည်နယ်၌ အာဖဂန် ဂျာနယ်လစ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဖမ်းဆီးရခြင်း၏ အကြောင်းရင်းကို မသိရကြောင်း မီဒီယာက ဖော်ပြသည်။

မီရာဝေ့စ် အက်တဲလ် အမည်ရ ဂျာနယ်လစ်သည် လက်ရှိအချိန်တွင် အစ္စလမ္မစ် တာလီဘန်အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုအောက်တွင် ရှိနေဆဲဖြစ်သည်ဟု ထိုဂျာနယ်လစ်၏ မိသားစုက ပြောကြောင်း Tolo News က ဖော်ပြသည်။ အက်တဲလ်သည် ကန်ဒါဟာရှိ ဇီးမား ရေဒီယို၏ ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

“ကျွန်မ သားက ပြစ်မှုကျူးလွန်သူတစ်ယောက် မဟုတ်သလို သေနတ်သမားလည်း မဟုတ်ပါဘူး။ သူက အရင်အစိုးရလက်အောက်မှာလည်း အလုပ်လည်း မလုပ်ခဲ့ပါဘူး။ သူက သာမန်ပြည်သူတစ်ယောက် ဖြစ်သလို ဂျာနယ်လစ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို အမြန်ဆုံး လွှတ်ပေးသင့်ပါတယ်” ဟု မီရာဝေ့စ် အက်တဲလ်၏ မိခင် ဖြစ်သည့် မာရီယာက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly