ဧရာဝတီလင်းပိုင်များအား လာမည့်လတွင် စစ်တမ်းကောက်မည်

ဧရာဝတီလင်းပိုင်များအား လာမည့်လတွင် စစ်တမ်းကောက်မည်
Photo - http://us.whales.org/

လာမည့် ဖေဖော်ဝါရီ ၅ ရက်တွင် ဧရာဝတီလင်းပိုင်များအား နှစ်စဉ်စစ်တမ်းကောက်ယူမှုကို မြန်မာတောရိုင်း တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်က ပြောသည်။

ဆယ်ရက်ကြာမြင့်မည့် ယင်းစစ်တမ်းကောက်ယူမှုကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် မြောက်ဖက်စွန်းပိုင်း ဗန်းမော်တို့ကြားတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာအတွင်းက ကာကွယ်ရေးနယ်မြေအတွင်း ရှားပါးလင်းပိုင်ပေါက်တစ်ကောင်ကို တွေ့ရှိပြီးနောက် လင်းပိုင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ယခုကဲ့သို့ စစ်တမ်းကောက်ယူရန် စီစဉ်လျက်ရှိခြင်းဖြစ်သည်။

ဧရာဝတီလင်းပိုင်များကို အရှေ့တောင်အာရှရှိ ပင်လယ်ကမ်းစပ်နှင့် မြစ်ဝများ၊ မြစ်များအတွင်း တွေ့ရပြီး အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် အတွေ့ရများသည်။

၂၀၁၅ ဇန်နဝါရီလက စစ်တမ်းကောက်ယူမှုအရ မန္တလေးနှင့် ဗန်းမော်ကြား အကောင်ရေ ၅၈ ကောင်သာ တွေ့ရှိခဲ့ရာ ၂၀၀၄ ခုနှစ်က တွေ့ရှိထားသည့် အကောင်ရေ ၇၂ ကောင်မှ လျော့နည်းလာခြင်းဖြစ်သည်။

လင်းပိုင်များအများစု လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းများကြောင့် အများဆုံးသေဆုံးနေရပြီး တစ်ချို့ကို ငါးဖမ်းပိုက်ကွန်များနှင့် ဖမ်းဆီးခံနေရကြောင်း ငါးလုပ်ငန်းဌာနက ပြောသည်။

လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းကို တစ်နိုင်ငံလုံးအနှံ့ အစိုးရပိတ်ပင်ထားပြီး ချိုးဖောက်ကျုးလွန်ပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ပါ ချမှတ်ထားသည်။

ပြီးခဲ့သည့်နှစ်က အစိုးရနှင့် တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့က အသင်းအဖွဲ့၊ ငါးလုပ်ငန်းဌာနနှင့် ရဲတပ်ဖွဲ့များ ပါဝင်ဖွဲ့စည်းသည့် ပေါင်းစပ်အဖွဲ့ကို ဧရာဝတီမြစ်အတွင်း နှစ်လတစ်ကြိမ် ကင်းလှည့်ရန် သဘောတူညီမှုတစ်ရပ်ကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly