တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး၏ စစ်ရေးစွမ်းရည်ဆိုင်ရာ မှတ်ချက်စကားများကို မြောက်ကိုရီးယား အပြင်းအထန် ဝေဖန်

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး၏ စစ်ရေးစွမ်းရည်ဆိုင်ရာ မှတ်ချက်စကားများကို မြောက်ကိုရီးယား အပြင်းအထန် ဝေဖန်
Photo - AFP

ဧပြီ ၃

မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယား၏ တိုက်ခိုက်နိုင်စွမ်းနှင့်ပတ်သက်သည့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး၏ ပြောစကားများက “အဆင်အခြင်မဲ့” သည့် စကားများ ဖြစ်ကြောင်း မြောက်ကိုရီးယားက ဧပြီ ၃ ရက်တွင် အပြင်းအထန် ဝေဖန်တုံ့ပြန်ခဲ့သည်။

ယခုနှစ်ထဲ စံချိန်တင် များပြားသည့် လက်နက်စမ်းသပ်မှုများ လုပ်ထားခဲ့သည့် မြောက်ကိုရီးယားက ယခုကဲ့သို့ တောင်ကိုရီးယားဘက်မှ ပြောဆိုမှုနှင့်ပတ်သက်ပြီး လက်တုံ့ပြန်သွားနိုင်သည်ဟုလည်း သတိပေးခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆူဟ် ဝွတ်ခ်က သောကြာနေ့က ပြောကြားရာတွင် မြောက်ကိုရီးယားရှိ ပစ်မှတ်တိုင်းကို တိကျ၊ မြန်ဆန်စွာ ထိမှန်နိုင်စွမ်း ရှိသည့် ဒုံးကျည်များ ၎င်းတို့ စစ်တပ်တွင် ရှိသည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို မှတ်ချက်စကားများနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမ ဖြစ်သလို အရေးပါသော မူဝါဒအကြံပေးတစ်ဦးလည်း ဖြစ်သည့် ကင်ယိုဂျုံက အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့သည်။

“လက်ဦးမှု ရယူတဲ့ တိုက်ခိုက်မှု နဲ့ပတ်သက်တဲ့ သူ့ (တောင်ကိုရီးယားဝန်ကြီး) ရဲ့ အဆင်အခြင်မဲ့ပြီး စည်းမစောင့်တဲ့ ပြောစကားတွေက ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမို ဆိုးဝါးစေခဲ့သလို ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေကို ပိုဆိုးစေခဲ့ပါတယ်” ဟု ကင်ယိုဂျုံက ပြောကြောင်း မြောက်ကိုရီးယား၏ KCNA သတင်းဌာနက ထုတ်ဖော်သည်။

“တောင်ကိုရီးယားအနေနဲ့ ခုလိုမျိုး သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီး ပြောတဲ့ အဆင်အခြင်မဲ့ ပြောစကားတွေကြောင့် ကြီးလေးတဲ့ ခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။ တောင်ကိုရီးယားအနေနဲ့ ဘေးအန္တရာယ်ကို တားဆီးပယ်ရှားချင်တယ်ဆိုရင် ကိုယ့်ဘာသာ စည်းကမ်းတကျ ရှိသင့်ပါတယ်” ဟု ကင်ယိုဂျုံက ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား၏ အာဏာရပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ပက်ခ် ဂျုံချွန်းကလည်း သီးခြားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ပြုံယမ်းအပေါ် မည်သည့် စစ်ရေးလုပ်ဆောင်ချက်မှ မလုပ်ရန် တောင်ကိုရီးယားကို သတိပေးသွားခဲ့သည်။

“မိမိတို့အပေါ် စစ်ရေးလုပ်ဆောင်ချက်တွေ လုပ်လာခဲ့ရင်တော့ မိမိတို့ စစ်တပ်အနေနဲ့ ဆိုးလ်မှာ ရှိတဲ့ အဓိက ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ စစ်တပ်တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားသွားမှာဖြစ်တယ်” ဟု ပက်ခ်က ပြောသည်။ ပစ်မှတ်များက မည်သည်တို့ ဖြစ်သလဲ ဆိုသည်ကို ၎င်းက အသေးစိတ်ထုတ်ဖော်သွားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required