စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်တွင် မပါဝင်ကြရန် သပိတ်အင်အားစုများ နှိုးဆော်

By ဂျာမုန်း
03 April 2022
စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်တွင် မပါဝင်ကြရန် သပိတ်အင်အားစုများ နှိုးဆော်

ဧပြီ ၃

စစ်ကောင်စီကျင်းပမည့် အတုအယောင်သင်္ကြန်ပျော်ပွဲရွှင်ပွဲတွင် ပြည်သူများပါဝင်ဆင်နွှဲခြင်းမပြုရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဖွဲ့စည်းထားသည့် သပိတ်အင်အားစုဖြစ်သည့် အထွေထွေပေါင်းစပ် ညှိနှိုင်းရေး အင်အားစု- GSCB မှ ယနေ့ ဧပြီလ ၃ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

“ကျွန်ုပ်တို့ပြည်သူများအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ အစားထိုး ပြန်မရနိုင်သည့် မိမိတို့အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်အပြတ် တိုက်ပွဲ ဝင်နေသည့် PDF နှင့် EROs စစ်သည်တော်များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင် "အပျော်သင်္ကြန်" နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ်မှောက်ကြရန် အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ၊ ပေတရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန်ရေနဲ့ မဆေးကြော” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများအနေဖြင့် စစ်အာဏာရှင်ကပေးသည့် အတု အယောင် ပျော်ပွဲရွှင်ပွဲမပါဝင်ဘဲ တော်လှန်ခြင်းဖြင့် သင်္ကြန်ကာလအားဖြတ်သန်းကြရန် နှိုးဆော်ထား သည်။

“မင်းအောင်လှိုင်ဦးဆောင်တဲ့ လူတစ်စုက နိုင်ငံကို ပုံမှန်လည်ပတ်နေတယ်ဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးချင်လို့ အတုအယောင် သင်္ကြန်၊ အပျော်သင်္ကြန်မျိုးကို ဆင်နွှဲတာပေါ့။ အာဏာရှင်ရဲ့ အစေအပါး တွေဖြစ်တဲ့ တပ်သားတွေ၊ ရဲတွေက ဒီတော်လှန်ရေးတိုက်ပွဲမှာ အင်အားအများအပြား ကျဆုံးတယ်ဆိုတဲ့ ဟာကြီးက အချက်အလက်တွေအများကြီးရှိပြီးသား။ ကျဆုံးသွားတဲ့ လက်အောက် ငယ်သားတွေရဲ့ မိသားစုတွေကိုတောင်မငဲ့ဘဲ သူ့အာဏာတည်မြဲရေးအတွက်ပုံဖော်ပြီး ခုလိုပျော်ပွဲရွှင်ပွဲလုပ်တာက ခေါင်း ဆောင်ကောင်း မပီသတာပဲလို့ ထောက်ပြချင်တယ်။ ဒါကြောင့် ခုချိန်ထိ သူ့အောက်မှာ တိုက်ပွဲဝင်နေတဲ့ သူတွေလည်း ဒီအခြေအနေကို သုံးသပ်ပြီးတော့ သူတို့ခေါင်းဆောင်က ဘယ်လိုလူ၊ အာဏာ ဘယ် လောက်ရူးတဲ့လူဆိုတာ မြင်တွေ့မှာပါ” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုအဖွဲ့ဝင်က ပြောသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာမြင့်သည်အထိ စစ်ကောင်စီမှာ အုပ်ချုပ်ရေးယန္တရားအား ကောင်းစွာမလည်ပတ်နိုင်သေးသည့်အပြင် နိုင်ငံအနှံ့ တိုက်ပွဲများပြင်းထန်နေသော်လည်း ၎င်းတို့ အုပ်ချုပ် မှုအောက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းလျက်ရှိသယောင် ပုံဖော်လိုသည့်အတွက် ယခုကဲ့သို့ အတု အယောင် အပျော်သင်္ကြန်အား ဖိအားပေးဖန်တီးနေခြင်းဖြစ်သည်။ သို့သော် တော်လှန်ရေးအင်အားစု များက ပြည်သူများ၏လုံခြုံရေးအတွက် ပါဝင်ဆင်နွှဲခြင်းမပြုကြရန် အသိပေး နှိုးဆော်ထားသည်။

“ဒီသင်္ကြန်မှာ ပြည်သူတွေပါဝင်မယ်ဆိုလည်း သူတို့တစ်ယောင်ချင်းစီတိုင်းရဲ့စိတ်အပေါ်မှာ လိုက်ပြီးတော့ အပြစ်မတင်ချင်ဘူး။ ဒါက သူတို့လွတ်လပ်ခွင့်ဆိုတော့ ပျော်ချင်ပျော် မပျော်ချင်နေပါ။ ဒါပေမယ့် တော ထဲမှာရောက်နေတဲ့ ရဲဘော်တစ်ယောက်အနေနဲ့ကတော့ စိတ်မကောင်းဘူးပေါ့။ ပြီးတော့ သေတဲ့သူတွေ လည်းသေ၊ ဒုက္ခရောက်တဲ့သူတွေလည်း ရောက်နေတယ်ဆိုတော့။ ဘာပဲဖြစ်ဖြစ် အသေအပျောက် မရှိအောင်တော့ ပျော်ကြပေါ့” ဟု ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။

ယမန်နှစ် သင်္ကြန်၌ ရန်ကုန်အပါအဝင် အခြားမြို့ကြီးများတွင် ပြည်သူများက ရေကစားမှုများမပြုလုပ်ဘဲ နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝိုင်းတချို့သာ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ် သင်္ကြန်တွင်မူ စစ်ကောင်စီက ပြည်သူများဖြင့် စည်ကားစေရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များကိုဖိအားပေးကာ ရေကစားမဏ္ဍပ်များ တည်ဆောက်လျက်ရှိ သည်။

#MizzimaTV
#စစ်ကောင်စီ
#အတုအယောင်သင်္ကြန်
#သပိတ်မှောက်
#အထွေထွေပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB 
#ရေကစားမဏ္ဍပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required