ကိယက်ဗ်ဒေသကို ယူကရိန်းတပ်များ ပြန်လည်ထိန်းချုပ်

ကိယက်ဗ်ဒေသကို ယူကရိန်းတပ်များ ပြန်လည်ထိန်းချုပ်
Photo - AFP

ဧပြီ ၃

ရုရှတပ်ဖွဲ့များသည် ယူကရိန်း၏ မြို့တော် အနီးဝန်းကျင်နှင့် ချာနီဂစ်မြို့တို့ကနေ ပြန်လည် ဆုတ်ခွာသွားပြီးနောက် ကိယက်ဗ်ဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယူကရိန်းက ဧပြီ ၂ ရက်တွင် ပြောသည်။

ကျူးကျော်ဝင်ရောက်သည့် တပ်ဖွဲ့ဝင်များ နေထိုင်သွားသည့် ဧရိယာများတွင် ဖြစ်နိုင်ခြေရှိ အရပ်သားများ သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများလည်း ထွက်ပေါ်လာခဲ့သည်။

မြို့တော်အနီး ဘူချာမြို့ရှိ လမ်းတစ်လမ်းတည်းတွင် လက်ကြိုးတုပ်ခံထားရသူတစ်ဦး အပါအဝင် အလောင်း ၂၀ ထက်မနည်းကို အေအက်ဖ်ပီ သတင်းထောက်များက မြင်တွေ့ခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသော ဓာတ်ပုံဆရာတစ်ဦး၏ အလောင်းကိုလည်း အနီးအနား ရွာတစ်ခုတွင် ပြန်တွေ့ခဲ့သည်။

“ဒီ လူတွေအကုန်လုံးက သေနတ်နဲ့ အပစ်ခံထားရသူတွေပါ” ဟု ဘူချာ မြို့တော်ဝန် အေနက်တိုလီ ဖက်ဒိုရွတ်ခ်က အေအက်ဖ်ပီကို ပြောသည်။ ထို့ပြင် မြို့ထဲ၌ အစုလိုက်အပြုံလိုက် မြှုပ်နှံခံထားရသည့် အခြား အလောင်း ၂၈၀ ခန့်လည်း ရှိကြောင်း ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှအပေါ် စီးပွားရေးအရ တိုးမြှင့်ဖိအားပေးရန် ကြိုးပမ်းမှုအဖြစ် ရုရှ၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှုအားလုံး ရပ်ဆိုင်းကြောင်း ဘောလ်တစ်နိုင်ငံများဖြစ်သည့် လတ်ဗီးယား၊ အက်စ်တိုးနီးယားနှင့် လစ်သူရေးနီးယားတို့က ဧပြီ ၂ ရက်တွင် ကြေညာသည်။

ယူကရိန်း မြောက်ပိုင်းဧရိယာတချို့ကနေ ဆုတ်ခွာသွားသည့် ရုရှသည် ယခုအခါ ယူကရိန်း အရှေ့နှင့်တောင်ပိုင်းတို့တွင် အာရုံစိုက်မည့်ပုံ ပေါ်နေသည်။

“ရုရှတပ်တွေရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ။ သူတို့ဟာ ဒွန်ဘတ်စ်နဲ့ ယူကရိန်းတောင်ပိုင်း တို့ကို သိမ်းယူချင်နေပါတယ်” ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက စနေနေ့ည ဗီဒီယိုမိန့်ခွန်းတစ်ခုထဲတွင် ပြောသည်။ “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ ကျွန်တော်တို့ မြေ နဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။

သို့သော် “လက်နက်ကြီးများ မရှိဘဲ မိမိတို့အနေဖြင့် ရုရှကို မောင်းထုတ်နိုင်စွမ်းရှိမည် မဟုတ်” ဟု ယူကရိန်းသမ္မတ၏ အကြံပေး မစ်ခါလို ပိုဒေါလ်ယက်ခ်က ဆိုရှယ်မီဒီယာမှတစ်ဆင့် သတိပေးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly