ဂျပန်ဘုရင်နှင့် မိဖုရား ဖိလစ်ပိုင်သို့ လာရောက်

ဂျပန်ဘုရင်နှင့် မိဖုရား ဖိလစ်ပိုင်သို့ လာရောက်

တိုကျို၊ ဇန်နဝါရီ ၂၅  ။              ။ ဂျပန်ဘုရင်မင်းမြတ် အကီဟီတိုနှင့် မိဖုရားဖြစ်သူ မီချီကိုတို့က ဖိလစ်ပိုင်သို့ ဇန်နဝါရီ ၂၆ ရက်တွင် ငါးရက်တာခရီးစဉ်အဖြစ်လာရောက်လည်ပတ်သည်။  ဒုတိယကမ္ဘာ စစ်ပြီးနောက် ၁၉၅၆ ဇူလိုင် ၂၃ က ဂျပန်နှင့် စစ်လျော်ကြေးဆွေးနွေးမှုကို ဖိလစ်ပိုင်က သဘောတူပြီးနောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် လာရောက်လည် ပတ်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ အကွီနိုက ဧည့်ကြိုပြုသည့် ဘုရင်နှင့် မိဖုရား ဇနီးမောင်နှံက စစ်တွင်း ဖိလစ်ပိုင်က စစ်မြေပြင်ဖြစ်ခဲ့ချိန်က ဒုက္ခသည်များကိုလည်း ယခုခရီစဉ်အတွင်း ဂါရဝပြုမည်ဖြစ်သည်။

ခရီးစဉ်အတွင်း ဖိလစ်ပိုင်လွတ်လပ်ရေးခေါင်းဆောင် ဂျိုဆေးရီဇေး၏ ရုပ်ထုသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကာ စစ်အတွင်းတိုက်ပွဲဝင်ခဲ့သည့် ဖိလစ်ပိုင်စစ်သားများ၏ ဂူသချိုင်းနှင့် ကာလီရာယာရှိ ဂျပန်အထိမ်းအမှတ်ဥယျာဉ်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။

ဇန်နဝါရီ ၂၉ ရက်တွင် ကာလီရာယာသို့ သွားရောက်လည်ပတ်စဉ်တွင် စစ်အတွင်း သတ်ဖြတ်ခံရသည့် ဂျပန်စစ်သားများ၏ ဆွေမျိုးများနှင့်အတူ သွားရောက်ကြမည်ဖြစ်သည်။

ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ပြီးစဉ်မှအစပြုလျက် ဆက်ဆံရေးက တိုးတက်ကောင်းမွန်ခဲ့သည်။

"စီးပွားရေး ဆက်ဆံရေးက ရလဒ်ကောင်းမွန်တယ်။ လုံခြုံရေးမှာလည်း ဂျပန်နဲ့ ဖိလစ်ပိုင်က ဖက်တစ်ဖက်တည်းမှာ ရှိနေတာပါ။ ဒါကတော့ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေပဲဖြစ်ပါတယ်။"ဟု နီဂါတာပြည်နယ်တက္ကသိုလ် ပါမောက္ခချုပ် တာကာရှီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly