နယ်စပ်၌ ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရေး ပါကစ္စတန်က အီရန်ကို တောင်းဆို

နယ်စပ်၌ ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရေး ပါကစ္စတန်က အီရန်ကို တောင်းဆို

ကုန်စည်ဖလှယ်ရောင်းဝယ်ပြီး စားကုန်များနှင့် အယ်လ်ပီဂျီ ဂတ်စ်အိုးများ ပေးသွင်းရန်အလို့ငှာ နှစ်နိုင်ငံနယ်နိမိတ်အပိုင်းအခြားဖြစ်သည့် မာကရန်ဒေသရှိ ဂါး နယ်စပ်ဖြတ်ကျော်နေရာ၌ ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ရေး ပါကစ္စတန်နိုင်ငံ၊ ပန်းဂါမြို့၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်သူက အီရန်အစိုးရကို တောင်းဆိုထား သည်။

ပန်းဂါ၏ အုပ်ချုပ်ရေးအကြီးအကဲသည် မတ်လ ၂၁ ရက်က ပန်းဂါမြို့၌ အီရန်နယ်စပ်အာဏာပိုင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် Dawn သတင်းစာက ဖော်ပြသည်။

ထိုအစည်းအဝေး၌ ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ကို ပန်ဂျ်ဂါ၏ အုပ်ချုပ်ရေးအကြီးအကဲက ဦးဆောင်ခဲ့ပြီး အီရန် ကိုယ်စားလှယ်အဖွဲ့ကို နယ်စပ်ကြီးကြပ်ကွပ်ကဲမှု အကြီးအကဲတစ်ဦးက ဦးဆောင်ခဲ့ကာ နှစ်ဘက်စလုံးမှ အကြီးတန်းလုံခြုံရေးအရာရှိများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းများ ဖြစ်ကြသည့် ၁၆၉ ၊ ၁၇၀ နှင့် ၁၇၁ ဂိတ်များကို ဖွင့်လှစ်ရန် ပါကစ္စတန်က အီရန် အာဏာပိုင်တို့ကို ပန်ကြားထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Dawn က ဖော်ပြသည်။

နယ်စပ်၏ နှစ်ဘက်စလုံးတွင် ဆွေမျိုးများ ရှိနေသည့် ပြည်သူများကို ကူးသန်းသွားလာခွင့်ဆိုင်ရာ ခွင့်ပြုချက်များ ထုတ်ပေးရေး နှစ်ဘက်စလုံးက ထိုအစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဧရိယာများနှင့်ကပ်လျက် ဧရိယာရှိ ဒေသခံပြည်သူများနှင့် ပါကစ္စတန် အကောက်ခွန်ရုံးတို့အတွက် ရေ ၊ မီး ပြဿနာကိုလည်း ၎င်းတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly