ယူကရိန်းကို လုံခြုံရေးအကူအညီ ထပ်တိုး ဒေါ်လာ သန်း ၃၀၀ ဖိုး ကူညီမည်ဟု ပင်တဂွန် အာမခံ 

ယူကရိန်းကို လုံခြုံရေးအကူအညီ ထပ်တိုး ဒေါ်လာ သန်း ၃၀၀ ဖိုး ကူညီမည်ဟု ပင်တဂွန် အာမခံ 
Photo - AFP

ဧပြီ ၂

ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် “လုံခြုံရေး အကူအညီ” ထပ်တိုးအမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုး ခွဲဝေသတ်မှတ်ထားသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောရာ ဖေဖော်ဝါရီ နှောင်းပိုင်း ရုရှကျူးကျော်ချိန်မှစပြီး အမေရိကန်က အာမခံထားသည့် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုး အကူအညီတွင် ထပ်ဆောင်းပါဝင်လာခြင်းလည်း ဖြစ်သည်။ 

ယခု ပင်တဂွန်၏ အကူအညီတွင် လေဆာပဲ့ထိန်းဒုံးကျည်စနစ်များ၊ ဒရုန်းများ၊ ခဲယမ်းမီးကျောက်များ၊ ညကြည့်ကိရိယာများ၊ ဗျူဟာမြောက် စိတ်ချရသည့် ဆက်သွယ်ရေးစနစ်များ၊ ဆေးဝါးထောက်ပံ့မှုများနှင့် သံချပ်ကာယာဉ်များ ပါဝင်မည်ဖြစ်သည်။ 

“ရုရှရဲ့ စစ်ပွဲကို ရဲစွမ်းသတ္တိနဲ့ တုံ့ပြန်နေတာကို ထောက်ပံ့ရင်း ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ပိုင်နက်ဂုဏ်သိက္ခာကို အမေရိကန်က မဆုတ်မနစ် ထောက်ခံလျက်ရှိတာကို အခုဆုံးဖြတ်ချက်က မီးမောင်းထိုး ပြသနေတာပဲ ဖြစ်ပါတယ်”ဟု ပင်တဂွန် ပြောခွင့်ရသူ ဂျွန် ကာဘီက ထုတ်ပြန်ချက်တွင် ဆိုသည်။ 

ယူကရိန်းစ်တပ်အား ကူညီရန် “ထပ်တိုး စွမ်းဆောင်ရည်များ”နှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့ ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။ 

ယူကရိန်းနှင့် အရှေ့ပိုင်း ဥရောပက မဟာမိတ်များကို လူသားချင်းစာနာထောက်ထားရေးနှင့် စစ်ရေးအကူအညီ ပေးရန် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံ ပါဝင်သည့် ရန်ပုံငွေဥပဒေကြမ်းတစ်ရပ်အား ကွန်ဂရက်က မတ်လလယ်၌ အတည်ပြုပေးခဲ့သည်။ 

ယင်းနောက် မကြာမီ ယူကရိန်းသို့ လုံခြုံရေးအကူအညီသစ်များ ဒေါ်လာ ၁ ဘီလီယံဖိုး ပေးအပ်မည်ဖြစ်ကြောင်း ဂျိုး ဘိုင်ဒင်က ကြေညာခဲ့သည်။ 

ယူကရိန်းအတွက် ထပ်တိုးစွမ်းဆောင်နိုင်စွမ်းများ ပေးအပ်နိုင်ရေးအတွက် အမေရိကန်သည် မဟာမိတ်များ၊ မိတ်ဖက်များနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရသူ ကာဘီက ထပ်လောင်းပြောသည်။ 

ဇယ်လန်စကီး၏ မေတ္တာရပ်ခံချက်အရ အမေရိကန်သည် မဟာမိတ်များမှနေ၍ ယူကရိန်းဆီသို့ ဆိုဗီယက် ထုတ် တင့်ကားများ လွယ်ကူချောမွေ့စွာ ပေးပို့နိုင်ရေးကို ဆုံးဖြတ်ခဲ့သည်ဟု သောကြာနေ့ ညနေပိုင်း၌ နယူးယောက်တိုင်းမ်စ်က သတင်းဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly