အစိုးရအလုပ်သည် ကြီးမားသောအလုပ်

အစိုးရအလုပ်သည် ကြီးမားသောအလုပ်

နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရအဆက်ဆက်နှင့် စစ်အာဏာရှင် အဆက်ဆက်အောက် နေထိုင်ခဲ့ရသော ပြည်သူများသည် ၎င်းတို့၏ လိုအင်အမှန်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ က တစ်သံတည်း ထွက်ပြဆို ခဲ့သည်။ ဤသို့ဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြိုနိုင်လိုက်သည်။ သို့ဆိုလျှင် လာမည့်နှစ်လသာသာအတွင်းတွင် အင်န်အယ်လ်ဒီ အစိုးရသစ်ကို ပြည်သူများ ရပေတော့မည်။

အင်န်အယ်လ်ဒီသည် ခေတ်အဆက်ဆက် နှစ်အဆက်ဆက် အတိုက်အခံပါတီအဖြစ် ရှိခဲ့ပြီး၊ ပါတီကိုယ်စားပြုလွှတ်တော်အမတ်များ၊ ပါတီဝင်များနှင့် ပါတီကို ထောက်ခံအားပေးသူများသည် ဖိနှိပ်ခံရပြီး အချို့မှာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည့် ခေတ်တစ်ခေတ်ကို ဖြတ်ခဲ့ရသည်။ သို့သော် ၈၈၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပါတီဖြစ်သဖြင့် မကျဆုံးဘဲ ရှင်သန်မြဲ ရှင်သန်ခဲ့ရာ မကြာမီတွင် အစိုးရနေရာသို့ ရောက်လာပေလိမ့်မည်။

အစိုးရအလုပ်သည် ကြီးမားကျယ်ပြန့်သောအလုပ်ဖြစ်ပြီး၊ ယိုပေါက်ဟာပေါက်လည်း အလွန် များသော ဧရာမယန္တရားကြီးဖြစ်သည်။ နှစ်ပေါင်းများစွာ ဒီမိုကရေစီကိုကျင့်သုံးခဲ့ပြီး၊ စနစ်ကျသော ဗျူရိုကရေစီ ယန္တရားနှင့် အခြေကျနေသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် အခက်အခဲများ၊ စိန်ခေါ်မှုများ အမြဲတစေ ရှိနေတတ်သည်ဖြစ်ရာ မြန်မာကဲ့သို့ ကိုယ်ကျိုးရှာ အာဏာရှင်များ၏ ရာစုနှစ်ဝက်ကျော် မူဝါဒအလွဲများနှင့် ညံ့ဖျင်းသော စီမံခန့်ခွဲများအောက် ဗုံးဗုံးလဲ ကျရှုံးခဲ့ရသည့် နိုင်ငံအတွက်မူ မဟာ့ မဟာ တောင်မြင့်မိုရ်ပြဿနာများ ကြုံရပေလိမ့်မည်။

အင်န်အယ်လ်ဒီ၏ လက်ရှိမျက်မှောက်မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုတွင် ရေငုံနှုတ်ပိတ် ဖြတ်သန်းမှုဖြင့် သွားနေသည်ကို တွေ့ရသည်။ စစ်အာဏာရှင်များနှင့် အာဏာရှင်နောက်မြီးဆွဲများက စိတ်ကောင်း ဝင်ပြီး နောက်ဆုတ်ချိန်တွင် ခြောက်လုံးလှန့်လုံးများ သုံးလိုက်သလိုဖြစ်မည်ကို စိုးထိတ် နေဟန်ရှိသည်။ ဘီလူးကြီးစိတ်မဆိုးအောင် ချော့ရသည့် နတ်သမီးအသွင် အင်န်အယ်လ်ဒီကို မြင်ရသည်။

အင်န်အယ်လ်ဒီက သူ့အောင်ပွဲကို လူထုအောင်ပွဲဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ လူထုထောက်ခံမှုဖြင့် တောင်ပြိုကမ်းပြိုနိုင်ခဲ့ခြင်းကို လူထုအောင်ပွဲဟု ဆိုလိုက်ခြင်း ဖြစ်သည်။
အင်န်အယ်လ်ဒီ အစိုးရခေတ်တွင် တိုင်းရင်းသား ပြည်သူလူထု၏ လိုအင်သည် စစ်အစိုးရ အဆက်ဆက် ခေတ်များထက် များပေလိမ့်မည်။ စစ်အစိုးရ ခေတ်အဆက်ဆက်တွင် စစ်အာဏာ ရှင်များက လက်နက်ပြပြီး တိုင်းပြည်ကို အုပ်ချုပ် ထိန်းကွပ်ထားသည်ဖြစ်ရာ ပြည်သူများက အသွားမတော် တစ်လှမ်း၊ အပြောမတော် တစ်ခွန်းကို ကောင်းစွာ နားလည်ထားသည်။

ယခုပင်လျှင် ပြီးခဲ့သည့်လပိုင်းက ဖေ့စ်ဘုတ်ခေတ်၌ အရေးမတော်၊ အရှယ်မတော်သည့် ကိစ္စများဖြင့် ထောင်နန်း စံခဲ့ရပြီး ဖြစ်သည်။ စစ်အာဏာရှင်သည် အကောင်အထည်နှင့် မရှိတော့ပါဟု ပြောမည် ဆိုလျှင်ပင် စာအုပ်စာတမ်းနှင့် ရှိနေသေးကြောင်း ပြည်သူများ မလိုလား လက်မခံသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စိမ်းစိမ်းကားကား သက်သေခံနေလေသည်။

အင်န်အယ်လ်ဒီသည် လာမည့်သီတင်းပတ်တွင် စတင်မည့် ဒုတိယအကြိမ် လွှတ်တော်မျာ းတွင် မိမိတို့အစွမ်းမည်ရွေ့မည်မျှရှိသည်ကို ထုတ်ဖော်ပြသရတော့မည်။ လွှတ်တော်တစ်ခုကို ထိန်းကျောင်း မောင်နှင်သည့် တာဝန်သည်ပင် အလွန်ကြီးလေးလှသည်။ ပထမအကြိမ် လွှတ်တော်က လည်း အတော်အတန် အသက်ဝင်အောင် လုပ်ကိုင်ထားပြီးဖြစ်သဖြင့် ယင်းထက်ပိုသော သာသော လွှတ်တော်မျိုးဖြစ်အောင် ဒုတိယအကြိမ် လွှတ်တော်သည် ဆောင်ရွက်ရပေလိမ့်မည်။ ပြည်သူချစ် သောပါတီ၊ ပြည်သူထောက်ခံသော ပါတီ၊ ပြည်သူလိုလားသော ပါတီ အင်န်အယ်လ်ဒီသည် လွှတ်တော်များကို ထောင်ထောင်မတ်မတ်နှင့် တိုင်းပြည်နှင့် လူထုအကျိုးရည် ဆောင်ရွက်သင့်ပေ သည်။

လွှတ်တော်များထက် အစများစွာခက်သည်မှာကား အစိုးရယန္တရားများ အရည်မီမီ အစွမ်းရှိရှိ အသက်ဝင်ရေးဖြစ်သည်။ အခုအခံ၊ အပိတ်အဆို့များ မည်မျှပင် ရှိစေကာမူ အင်န်အယ်လ်ဒီသည် များစွာသည်းခံ ညှိနှိုင်း ကျော်လွှား ရင်ဆိုင် ဖြေရှင်းရပေလိမ့်မည်။ အစိုးရသည်ပင် မြန်မာအစိုးရ သက်သက် မဟုတ်ဘဲ ဒေသတွင်းက လေးစားရသောအစိုးရမှသည် ကမ္ဘာကပါ လက်ခံရသော အစိုးရမျိုးဖြစ်အောင် ကြံဆောင်ရပေလိမ့်မည်။ ထိုအလုပ်သည် ကြီးစွာသောအလုပ်၊ ဧရာမအလုပ်ဖြစ် ပေရာ အင်န်အယ်လ်ဒီသည် ယခုမှစ၍ လူထုမှတ်ကျောက်၊ ဒေသတွင်းနှင့် နိုင်ငံတကာ မှတ်ကျောက် များဆီ ရောက်ရှိနေ ပြီဟု မဇ္ဈိမက ယူဆသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly