ဘိန်းခင်းဖျက်မည့်အဖွဲ့ကို ဘိန်းခင်းပိုင်ရှင် ၁၀၀ ကျော်က တားဆီး

ဘိန်းခင်းဖျက်မည့်အဖွဲ့ကို ဘိန်းခင်းပိုင်ရှင် ၁၀၀ ကျော်က တားဆီး

ချင်းမိုင်၊ ဇန်နဝါရီ ၂၅ ။            ။ ကချင်ပြည်နယ် ပြည်သူလူထုအခြေပြု၍ ဖွဲ့စည်းထားသော ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့င့် အစိုးရလုံခြုံရေး ရဲတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၃ရက်နေ့က ဘိန်းခင်း ဖျက်ဆီးရန် ချီဘွေမြို့ရှငေါဒေသသို့ အသွား ခရမ်ဂျူကျေးရွာအရောက်တွင် ဘိန်းခင်းပိုင်ရှင် ရွာသား ၁၀၀ကျော်က တားဆီးပိတ်ပင်မှုကြောင့် ညှိနှိုင်းမှုများ ပြုလုပ်နေရကြောင်းသိရသည်။

လုံခြုံရေး တာဝန် ယူပေးသော ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီးတို့ ဦးဆောင်သော လူ ၇ ဦးတို့က ဇန်နဝါရီလ ၂၄ ရက်တွင် ရွာသားများနှင့် သွားရောက် ညှိနှိုင်းခဲ့ ရသည်ဟု မြစ်ကြီးနားမြို့နယ် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွမ် တန်ဂွန်းက ပြောသည်။
 
“ကျနော်တို့ လူတွေ ချီဖွေမရောက်ခင် ခရမ်းဂျူမှာ ရောက်နေပြီ။ အဲဒီရွာအကျော် လမ်းတစ်နေရာမှာ ဘိန်း စိုက်တဲ့ ဒေသခံ ရွာသား ၁၀၀ လောက်က တားဆီးတယ်။ ကျနော်တို့ဘက်က လုံခြုံရေးက ရဲတပ်ဖွဲ့မှူး၊ ကက်သလစ်က ဖာသာတို့ ပါတဲ့ လူ ၅ ဦးက ဒီနေ့ သွားညှိနှိုင်းဖို့ သွားတယ်။ အဲဒီမှာ သူတို့ပြောတာက မင်းတို့အစိုးရကနေ လူထုနဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးမယ်ဆိုရင် ကျွန်တော်တို့လည်း လိုက်ဖျက်ဆီး ကူမယ်။ မင်းတို့ ဘိန်းခင်းတွေ ဖျက်ဆီးမယ်ဆိုရင် ဆန်အိတ်တွေ အရင်ချထား ပေးပါဆိုပြီး ပြောတယ်။ ဘာကြောင့် ပြောတာလဲဆိုတာတော့ မသိဘူး” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် လုံခြုံရေးတာဝန်ယူပေးသော ရဲတပ်ဖွဲ့အား လာရောက်ညွှန်ကြားရန်အတွက် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်စစ်ဌာနချုပ်(မပခ)တိုင်းမှူးနှင့် ရဲမှူးကြီးတို့ဦးဆောင်သော အဖွဲ့က ဇန်နဝါရီ ၂၅ရက်နေ နံနက်ပိုင်းတွင် ထွက်ခွာလာပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ကချင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အင်အား ၁၂၀၀ ကျော်နှင့် မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူး အပါ အဝင် ရဲတပ်ဖွဲ့ ၃၀ ဦးနှင့် စစ်တပ်မှ အင်အား ၂၅ ဦး စုစုပေါင်း (၅၅) ဦးတို့သည် ဇန်နဝါရီလ ၂၃ ရက်က ကချင်ပြည်နယ် ဝိုင်းမော်မြို့မှ စတင် ထွက်ခွာခဲ့ရာမှ ယနေ့တွင် ချီဖွေမြို့ နယ် ခရမ်းဂျူကျေးရွာတွင် ရောက်ရှိနေခြင်း ဖြစ်သည်။

ဒေသခံ ဘိန်းစိုက်ပိုင်ရှင်များက တားဆီးပိတ်ပင်မှုများ ရှိသဖြင့် ယနေ့ထိ ဘိန်းခင်းများ ဖျက်ဆီးနိုင်ခြင်း မရှိသေးသော်လည်း မနက်ဖြန် ဇန်နဝါရီလ ၂၆ ရက်တွင် ခရမ်ဂျူကျေးရွာမှ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သူက ဆိုသည်။

“ဘိန်းစိုက်တဲ့လူတွေရဲ့ နောက်မှာ ပြည်သူ့စစ်နဲ့ စစ်တပ်တွေလည်း ပါတယ်လို့ ပြောနေကြတယ်။ ဘိန်းစိုက်တဲ့ လူတွေဘဲ ဆိုရင်တော့ အဲဒီလောက် မဟုတ်ဘူး။ သူတို့ နောက်ကွယ်မှာ စစ်တပ်ကလည်း ပါဝင်နေတယ်ဆိုလို့ တခုခု ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့နဲ့ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့တွေ အထက်ကို ပြန်အကြောင်းကြားလား၊ မကြားဘူးလားဆိုတာ မေးမြန်းနေတုန်းဘဲ”ဟု သူက ပြောသည်။

လက်ရှိ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ သွားရောက်နေသော နေရာသည် ပန်ဝါပြည်သူ့စစ်များ လှုပ်ရှားနေသော နေရာများ ဖြစ်သော်လည်း ကန်ပိုင်တီ ပြည်သူ့စစ်များလည်း လာစောင့်နေမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ၎င်းက ဆိုသည်။

အစောပိုင်းက ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ကန်ပိုင်တီမြို့နယ်ခွဲ ဒေသများရှိ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် ချီဖွေမြို့နယ်အတွင်းရှိ ဘိန်းခင်းများအား အရင် ဖျက်ဆီးရန် ပြည်နယ် အစိုးရဘက်မှ ညွန်ကြားပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

ဆဒုံးမြို့နယ်ခွဲနှင့် ကန်ပိုင်တီမြို့နယ်ခွဲ ဒေသများတွင် အစိုးရ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များဖြစ်သော ပန်ဝါ ပြည်သူ့စစ်နှင့် ကန်ပိုင်တီ ပြည်သူ့စစ်တို့ ထိန်းချုပ်နေသော နယ်မြေများ ဖြစ်ပြီး ၎င်းဒေသများတွင် ဘိန်းခင်း ဧကပေါင်း ၂၀၀၀ ခန့် စိုက်ပျိုးထားသည်ကို ဒေသခံများ တွေ့ရှိထားသည်ဟု ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုဒေသများရှိ ဘိန်းခင်းများ ဖျက်ဆီးရန်အတွက် ဇန်နဝါရီလ ၁၉ ရက်က ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က စတင်ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ဘိန်းခင်းစိုက်သည့် ဒေသခံများမှ ဘိန်းများ လာရောက် ဖျက်ဆီးပါက တားဆီး ပစ်ခတ်မည်ဟု ချိန်းခြောက် ပြောဆိုမှုများရှိသဖြင့် အစိုးရ ခွင့်ပြုချက်ဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့များနှင့်အတူ သွားရောက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly