စစ်ပွဲမှ ထွက်ပြေးကြရသော ယူကရိန်းဒုက္ခသည်ပေါင်း ၄ သန်းကျော် ရှိဟု ကုလသမဂ္ဂ ပြော 

စစ်ပွဲမှ ထွက်ပြေးကြရသော ယူကရိန်းဒုက္ခသည်ပေါင်း ၄ သန်းကျော် ရှိဟု ကုလသမဂ္ဂ ပြော 

ဧပြီ ၁

ရုရှ၏ ‘အသိတရားမဲ့ စစ်ပွဲ’မှ လွတ်မြောက်ရေး နိုင်ငံတွင်းမှ ထွက်ပြေးသူ ယူကရိန်းပြည်သူပေါင်း လေးသန်းကျော်ထက်မနည်းရှိသည်ဟု ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ်ဖြစ်ချိန်မှစကာ ယူကရိန်းနယ်စပ်တစ်လျှောက် ထွက်ပြေးသူပြည်သူပေါင်းသည် ၄,၀၁၉,၂၈၇ ဦးရှိပြီး အများစုဖြစ်သော ၂ ဒသမ ၃ သန်းမှာ အနောက်သို့ ဦးတည်ကာ ပိုလန်နိုင်ငံသို့ ထွက်ပြေးကြခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR က ဆိုသည်။ 

“ရုရှ တိုက်ခိုက်ချိန်ကစလို့ သီတင်းပတ်ငါးပတ်အတွင်းမှာ ယူကရိန်းက ဒုက္ခသည်ဦးရေဟာ ခုဆိုရင် လေးသန်းအထိ ရှိနေပြီ ဖြစ်တယ်”ဟု UNHCR အကြီးအကဲ ဖီလစ်ပို ဂရန်ဒီက တွစ်တာတွင် ရေးသည်။  

“ကျွန်တော် ယူကရိန်းကို ရောက်နေပါတယ်၊ ဒီ အသိတရားမဲ့ စစ်ပွဲဒဏ်ကို ကြုံရသူတွေ၊ နေရပ်စွန့်ထွက်ပြေးရသူတွေကို ကျွန်တော်တို့ ပိုမိုထောက်ပံ့နိုင်ဖို့ အာဏာပိုင်တွေရယ်၊ ကုလသမဂ္ဂရယ်နဲ့ အခြား မိတ်ဖက်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဒုက္ခသည်ဦးရေသည် UNHCR က ကနဦး ခန့်မှန်းသည့် လေးသန်းအထိ ရှိမည်ဆိုခြင်းထက် ကျော်လွန်နေပြီလည်း ဖြစ်သည်။ 

နေရပ်စွန့်ခွာထွက်ပြေးကြသည် အရှိန်နှုန်းနှင့် ပမာဏအတိုင်းအတာသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် မကြုံဘူးသည့် နှုန်းထားဖြစ်နေသည်ဟု အေဂျင်စီက ပြောသည်။ 

ထိုသို့ ထွက်ပြေးကြသူများတွင် အမျိုးသမီးနှင့် ကလေးဦးရေက ၉၀ ရာခိုင်နှုန်း ရှိနေသည်။ ယူကရိန်းတွင် အသက် ၁၈ နှစ်နှင့် အသက် ၆၀ ကြား အမျိုးသားများက စစ်မှုထမ်း ဆင့်ခေါ်မှုအတွက် သင့်တော်ပြီး ထွက်ခွာနိုင်ခြင်း မရှိကြပေ။ 

ယူကရိန်းဒုက္ခသည်များအပြင် ယူကရိန်းမဟုတ်သော နေထိုင်သူ၊ ပညာသင်ကြားသူနှင့် အလုပ်လုပ်ကိုင်ကြသူ နှစ်သိန်းနီးပါးသည်လည်း နိုင်ငံမှ ထွက်ခွာကြပြီဟု ကုလသမဂ္ဂ ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က ပြောသည်။ 

မတ် ၁၆ ရက်အထိ ယူကရိန်းနိုင်ငံတွင်းမှာပင် နေရပ်ရွှေ့ပြောင်းကြရသူပေါင်း ၆ ဒသမ ၄၈ သန်းနီးပါးရှိကြောင်း IOM ၏ စစ်တမ်းအရ သိရသည်။ 

“သူတို့တွေဟာ နေထိုင်ရှင်သန်ရေး အကူအညီတွေ အားချင်း လိုအပ်နေပါတယ်”ဟု IOM က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  

ဖေဖော်ဝါရီ ၂၄ ရက် ရုရှ မကျူးကျော်ခင်က ယူကရိန်းတွင် ရုရှသိမ်းပိုက်ထားသော ခရိုင်းမီးယားနှင့် အရှေ့ပိုင်းက ရုရှလိုလားသော ခွဲထွက်ရေးဒေသများ မပါဘဲ အစိုးရထိန်းချုပ်မှုအောက် ရှိခဲ့သော လူဦးရေသည် ၃၇ သန်း ရှိခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly