ကာကွယ်ဆေးထိရောက်မှုမရှိခြင်းနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တရုတ်နိုင်ငံအတွက် အခက်အခဲဖြစ်

ကာကွယ်ဆေးထိရောက်မှုမရှိခြင်းနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တရုတ်နိုင်ငံအတွက် အခက်အခဲဖြစ်

ကိုဗစ်-၁၉ ဒဏ်ကို တစ်ချိန်က အပြင်းအထန်ခံစားခဲ့ရသော နိုင်ငံများ၏ အခြေအနေများသည် ပုံမှန်အခြေအနေသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာချိန်တွင် တရုတ်နိုင်ငံသည် ယခုအခါ ရောဂါကူးစက်မှုမြင့်တက်လာခြင်းကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

တရုတ်တွင် ယခုကဲ့သို့ အခြေအနေ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာရခြင်းတွင် သိသာထင်ရှားသော အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ တရုတ်အစိုးရက အလွန်အမင်းအမွှမ်းတင်ထားသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် မျှော်မှန်းထားသည့်ရလဒ် မရခဲ့ပေ။ ဒုတိယအချက်မှာ တရုတ်၏ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးများ ထိရောက်မှုမရှိခြင်းဖြစ်သည်။

တရုတ်ကာကွယ်ဆေးများဖြစ်သော SinoVac နှင့် SinoPharm တို့သည် ကိုရိုနာဗိုင်းတိုက်ဖျက်ရေး ပဋိပစ္စည်းထုတ်လုပ်ရန် ပထမဆုံးတီထွင်သည့် ကာကွယ်ဆေးများထဲတွင်ပါဝင်သည်။ တရုတ်နိုင်ငံသည် ထိုကာကွယ်ဆေးများကို နိုင်ငံအသီးသီးသို့ တင်ပို့ပြီး ဆင်းရဲသောနိုင်ငံအချို့ကိုပင် လှူဒါန်းခဲ့သည်။ အချိန်တစ်ခုသို့ရောက်လာသောအခါ ၎င်းကာကွယ်ဆေးများ၏ ထိရောက်မှု မရှိခြင်းနှင့်ပတ်သက်၍ စောဒကတက်မှုများ စတင်လာခဲ့ပြီး တရုတ်နိုင်ငံက အဆိုပါဖြစ်ရပ်များကို ငြင်းဆိုခဲ့သည်။

အိုမီခရွန်မျိုးကွဲ လျင်မြန်စွာ ပျံ့နှံ့နေချိန်ဖြစ်သည့် ဒီဇင်ဘာလကုန်တွင် တရုတ်၏ Sinovac ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် အကန့်အသတ်ရှိကြောင်း တွေ့ခဲ့ရသည်။

ဟောင်ကောင်တက္ကသိုလ်မှ ပြုလုပ်သော လေ့လာမှုတစ်ခုအရ SinoVac သည် Omicron ဗိုင်းရပ်စ်မျိုးကွဲကိုတိုက်ဖျက်သော ပဋိပစ္စည်းတုံ့ပြန်မှုမှာ အလွန်အားနည်းကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် Sinovac ၂ကြိမ်ထိုးပေးပြီးသောသူများကိုလည်း လုံလောက်သောကာကွယ်မှုအဆင့် မပေးနိုင်ပေ။

အစိုးရအစီရင်ခံစာအရ တရုတ်ကာကွယ်ဆေး SinoVac ကို နှစ်ကြိမ်ထိုးပြီးသည့် အသက် ၈၀ နှစ်အထက် လူ ၃ ရာခိုင်နှုန်းသည် သေဆုံးခဲ့ကြသည်။ဆေးတစ်ကြိမ်ထိုးပြီးသူများ၏ သေဆုံးနှုန်းက ၆ ရာခိုင်နှုန်းဖြစ်သည်။ ထို့ပြင် တရုတ်ကာကွယ်ဆေးများသည် သွေးကင်ဆာဖြစ်စေကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

ကာကွယ်ဆေးများ ထိရောက်မှု မရှိခြင်းကြောင့် တရုတ်အာဏာပိုင်များသည် ဗိုင်းရပ်စ်ကူးစက်မှုကွင်းဆက်ကို ချိုးဖျက်ရန် အတင်းအကျပ်ပိတ်ဆို့ခြင်းများကို အားကိုးရန် မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မြို့ကြီးများကို ပိတ်ပစ်ခြင်း၊ လူများကို အသွားအလာပိတ်ဆို့ခြင်း၊ဈေးများကို ပိတ်ပစ်ခြင်းနှင့် စက်မှုလုပ်ငန်း ကုန်ပစ္စည်းတင်ပို့ရေး လုပ်ငန်းစဉ်များကို ဖြတ်ပစ်ခြင်းများ လုပ်ဆောင်ကြသည်။

ထိုလုပ်ရပ်များကြောင့် လူတို့၏ နေ့စဉ်လူနေမှုဘဝကိုထိခိုက်ခဲ့ကာ အလုပ်အကိုင်နှင့်ဝင်ငွေ ဆုံးရှုံးခဲ့ရသည်။ ရောဂါကူးစက်မှုအသစ်များ တိုးလာသည်နှင့်အမျှ တရုတ်သည် အဓိကမြို့ကြီး အသီးသီးတွင် အသွားအလာ ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly