အရှေ့ပိုင်းကို ရုရှ၏ ထိုးစစ်သစ်အတွက် ယူကရိန်း ပြင်ဆင်နေဟု ဇယ်လန်စကီး ပြော 

အရှေ့ပိုင်းကို ရုရှ၏ ထိုးစစ်သစ်အတွက် ယူကရိန်း ပြင်ဆင်နေဟု ဇယ်လန်စကီး ပြော 

မတ် ၃၁

ကိယက်ဗ်မြို့တော်အနီးက တိုက်ပွဲများတွင် ဆုတ်ဆိုင်းမှုများ ကြုံရပြီးနောက် ရုရှတပ်များသည် အရှေ့ပိုင်းတွင် တပ်တည်တပ်ချလာခြင်းကြောင့် ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအရှေ့ပိုင်းက ရုရှ၏ ထိုးစစ်သစ်များအတွက် ပြင်ဆင်လျက်ရှိနေကြောင်း သမ္မတ ဇယ်လန်စကီးက ကြာသပတေးနေ့တွင် ပြောသည်။ 

လက်ရှိ၌ သီတင်းငါးပတ်မြောက် ကြာမြင့်ပြီဖြစ်သည့် ရုရှသည် ၎င်း၏ အိမ်နီးချင်းအား ကျူးကျော်စစ်တွင် နေအိမ်များမှ စွန့်ခွာထွက်ပြေးရသူ ယူကရိန်းပြည်သူပေါင်း လေးပုံတစ်ပုံနီးပါး ရှိနေပြီး ရုရှနှင့် အနောက်အုပ်စု၏ တင်းမာမှုသည်လည်း စစ်အေးတိုက်ပွဲအပြီး အဆိုးဆုံးအမှတ်သို့ ရောက်ရှိနေသည်။ 

ကိယက်ဗ်မြို့တော်အပါအဝင် မြို့ကြီးများကို ရုရှတို့ လက်ရသိမ်းပိုက်ခြင်းမှ ယူကရိန်းတပ်များ၏ ကြံ့ခိုင်သန်မာသော ခုခံတွန်းလှန်မှုက တားဆီးထားနိုင်သည်။ ကိယက်ဗ်တွင် ရုရှတပ်များ ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည်မှာ သီတင်းပတ်အတော် ကြာမြင့်ပြီလည်းဖြစ်သည်။ အစ္စတန်ဘူလ်တွင် ယခုသီတင်းပတ်၌ ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ယုံကြည်မှု တည်ဆောက်ရန်အတွက် ကိယက်ဗ်မြို့အနီးနှင့် မြောက်ပိုင်း ချာနီဟတ်ဗ်မြို့တို့တွင် စစ်ဆင်ရေးများကို လျှော့ချထားမည်ဟု ရုရှက ပြောသည်။ 

သို့ရာတွင် ယူကရိန်းနှင့် အမေရိကန်အပါအဝင် အနောက်မဟာမိတ်များက ရုရှ၏ ကတိကဝတ်သည် ဆုံးရှုံးမှုကို ဖာထေးရန်နှင့် အခြား တိုက်ခိုက်မှုများအတွက် ပြင်ဆင်ရန် ပရိယာယ်ဆင်ခြင်းသာဖြစ်သည်ဟု ပယ်ချသည်။ 

ထောက်လှမ်းရေး အချက်အလက်သစ်များအရ ရုရှစစ်သားများသည် အမိန့်ကို လိုက်နာရန် ငြင်းဆန်ကြကြောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးကြကြောင်းနှင့် ၎င်းတို့၏ လေယာဉ်တစ်စင်းကိုလည်း မှားယွင်းပစ်ခတ်မိကြောင်း ဗြိတိန်၏ GCHP သူလျှိုဌာန အကြီးအကဲက ပြောသည်။ 

အရှေ့ပိုင်း ခွဲထွက်ဒေသ ဒွန်းဘတ်စ်ဒေသ “လွတ်မြောက်ရေး” အတွက် ဦးတည်ပြီး တပ်တည်တပ်ချခြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှက ပြောသည်။ 

ကိယက်ဗ်နှင့် ချာနီဟတ်ဗ်မြို့သို့မှ ရုရှတပ်များ ထွက်ခွာသည့် လှုပ်ရှားမှုကို ရည်ညွှန်းပြီး နံနက်အစောပိုင်းက ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် ဇယ်လန်စကီးက တပ်များ ရုပ်သိမ်းခြင်း မဟုတ်သော်လည်း မိမိတို့ ခုခံကာကွယ်ရေးစွမ်းရည်၏ အကျိုးဆက်ပဲဖြစ်သည်ဟု ပြောသည်။ 

ဒွန်းဘတ်စ်ကို တိုက်ခိုက်မှုသစ်အတွက် ရုရှ၏ တပ်တည်တပ်ချမှုကို ယူကရိန်းအနေဖြင့် မြင်တွေ့နေရပြီး ယင်းအတွက် မိမိတို့အနေဖြင့် ပြင်ဆင်လျက်ရှိနေကြောင်း ဇယ်လန်စကီးက ဖြည့်စွက်ပြောသည်။ 

ဒွန်းဘတ်စ်ဒေသသည် ရုရှက ယူကရိန်း ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် ကူညီနေသည်ဆိုသော “ပြည်သူ့ သမ္မတနိုင်ငံများ” အဖြစ် ကိုယ်ပိုင် ကြေညာထားသည့် လူဟန့်နှင့် ဒွန်နက်စ်ဒေသများ ပါဝင်နေရာ ဒေသပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly