ယူကရိန်းအရေးကို ပူတင်အား အမှန်အတိုင်း ပြောပြရန် အကြံပေးများက စိုးရိမ်နေဟု ဗြိတိန် သူလျှိုအကြီးအကဲ ပြော 

ယူကရိန်းအရေးကို ပူတင်အား အမှန်အတိုင်း ပြောပြရန် အကြံပေးများက စိုးရိမ်နေဟု ဗြိတိန် သူလျှိုအကြီးအကဲ ပြော 
Photo - AFP

မတ် ၃၁

ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ “ချွတ်ယွင်းချက်ရှိသော” ယူကရိန်းစစ်ပွဲ မဟာဗျူဟာကို ပူတင်အား အမှန်အတိုင်း ပြောပြရန် အကြံပေးဖြစ်သူများက စိုးရိမ်ကြောက်လန့်နေကြောင်း ဗြိတိန်၏ ထိပ်တန်း ဆက်သွယ်ရေး သူလျှိုအေဂျင်စီ အကြီးအကဲက ကြာသပတေးနေ့တွင် ပြောသည်။  

ပူတင်သည် ကျူးကျော်စစ်အပေါ် “ကြီးမားစွာ လွဲမှားယူဆခဲ့သည်” ဟု ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ GCHQ ၏ ညွှန်ကြားရေးမှူး ဂျာရီမီ ဖလင်းမင်းက ကန်ဘာရာရှိ ဩစတြေးလျ အမျိုးသားတက္ကသိုလ်၌ ပြောဟောမည့် မိန့်ခွန်း ပြင်ဆင်မှု၌ ဆိုထားခြင်း ဖြစ်သည်။ 

ကြိုတင်ထုတ်ပြန်သော ၎င်း၏ ပြင်ဆင်ထားသည့် မိန့်ခွန်းသည် အိမ်ဖြူတော်က ပြီးခဲ့သည့် ရက်က ထုတ်ပြန်သော အမေရိကန်ထောက်လှမ်းရေး အချက်အလက်များကို ထပ်တူပြုနေသည်။ ရုရှစစ်ဆင်ရေးများ၏ ခရီးပေါက်မှုအကြောင်းကို အကြံပေးများက ပူတင်အား “သတင်းမှား” ပေးလျက်ရှိသည်ဟု အမေရိကန်ထောက်လှမ်းရေးက ညွှန်ပြထားခြင်းဖြစ်သည်။ 

စစ်ပွဲ၌ ရုရှ၏ ရှုံးနိမ့်မှုများကို ဖော်ပြရန်နှင့် ပူတင်၏ အတွင်းစည်း၌ စိတ်ဝမ်းကွဲမှုများကို မီးမောင်းထိုးပြနိုင်ရန် အနောက် ထောက်လှမ်း‌ရေးရင်းမြစ်များက စိတ်အားထက်သန်လျက် ရှိနေသည်။ 

ပူတင်သည် ယူကရိန်း၏ တော်လှန်ခုခံမှု၊ ၎င်းအား ဆန့်ကျင်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အင်အားနှင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုများကို လျှော့တွက်ခဲ့ကြောင်း ဖလင်းမင်းက ပြောသည်။ 

ရုရှခေါင်းဆောင်သည် လျင်မြန်စွာ အောင်ပွဲ ဆင်နိုင်မည်ဟု ၎င်း၏ စစ်တပ်စွမ်းရည်ကိုလည်း ပိုတွက်ခဲ့သည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။ 

“ရုရှ စစ်သားတွေဟာ အမိန့်နာခံဖို့ ငြင်းဆန်ကြတာ၊ ကိုယ်ပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ကိုယ်ပိုင်လေယာဉ်ကို မှားယွင်းပစ်ချတဲ့ မတော်တဆမှုတွေအထိ ကျွန်တော်တို့ တွေ့မြင်နေရတယ်”ဟု ဖလင်းမင်းက ပြောသည်။ 

“ပူတင်ရဲ့ အကြံပေးတွေက သူ့ကို အမှန်အတိုင်း ပြောပြဖို့ ကြောက်နေတယ်ဆိုရင်တောင် ဖြစ်ပျက်နေတာတွေနဲ့ ဒီ လွဲမှားတွက်ချက်မှုတွေရဲ့ အတိုင်းအတာဟာ ရုရှအစိုးရအတွက် သိသာမြင်သာ ပုံပေါ်နေတာပဲ ဖြစ်တယ်”ဟု သူက ဆိုသည်။ 

ယူကရိန်းမြို့တော် ကိယက်ဗ်နှင့် မြောက်ပိုင်း ချာနီဟတ်ဗ်မြို့ ဝန်းကျင်က တိုက်ပွဲစစ်ဆင်ရေးများကို “ကြီးကြီးမားမား” လျှော့ချမည်ဆိုသော ရုရှ၏ အများသိ ထုတ်ပြန်ချက်သည် “၎င်းတို့အနေဖြင့် သိသိသာသာ ပြန်လည်တွက်ချက် လာရခြင်းကို ပြသနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်”ဟုလည်း ဖလင်းမင်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly