ချမ်းလွန်းလို့ ဖြစ်သွားတာပါ၊ အဖမ်းခံပြီး နွေးထွေးမှုကိုရှာတဲ့ အိမ်ခြေယာမဲ့

ချမ်းလွန်းလို့ ဖြစ်သွားတာပါ၊ အဖမ်းခံပြီး နွေးထွေးမှုကိုရှာတဲ့ အိမ်ခြေယာမဲ့

ဗာဂျီးနီးယား၊ ၊ဇန်နဝါရီ - ၂၅ ။           ။ ရယ်အားထက် ငိုအားသန်ရတဲ့ ကရုဏာသက်ဖွယ် အဖြစ်အပျက်ကလေးတစ်ခုပါပဲ။ ဗာဂျီးနီးယားက အိမ်ခြေယာမဲ့ အမျိုးသမီးတစ်ယောက်ဟာ အရိုးခိုက်တဲ့ အအေးဓာတ်က လွတ်မြောက်ပြီး အမိုးအကာတစ်ခုအောက်မှာ နွေးထွေးသွားဖို့အတွက် အဖမ်းခံရအောင် ကြိုးစားတဲ့အနေနဲ့ လွှတ်တော်အဆောက်အအုံရဲ့ ပြတင်းပေါက်တစ်ခုကို ကွန်ဂရိတုံး အပိုင်းအစတစ်ခုနဲ့ ပစ်ပေါက်လိုက်တာပဲ ဖြစ်ပါတယ်။

ဥပဒေပြုကော်မတီက အစည်းအဝေးကျင်းပနေတုန်းမှာ ကြာသပတေးညက မည်သူမည်ဝါ မသိရတဲ့ အမျိုးသမီးတစ်ယောက်က ပြတင်းမှန်ကို ပစ်ခွဲလိုက်တယ်လို့ ကယ်ပီတယ် ရဲတပ်ဖွဲ့က ပြောကြား တယ်လို့ ဒေသတွင်းသတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အရိုးခိုက်အောင် ချမ်းအေးလှတဲ့ညမှာ ကျောတစ်ခင်းစာ အမိုးအကာရဖို့အတွက် အဖမ်းခံရအောင် ကြိုးစားတဲ့လုပ်ရပ်ဖြစ်ဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့မှ ကပ္ပတိန်က ပြောကြားခဲ့ပါတယ်။ ဘယ်သူမှတော့ ဒဏ်ရာ ရရှိခဲ့ခြင်းမရှိပါဘူး။

စုံစမ်းစစ်ဆေးမှုအရ ဒီဖြစ်ရပ်မတိုင်မီမှာ အဆိုပါ အမျိုးသမီးက ဗာဂျီးနီးယား တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို ထိုးကြိတ်ခဲ့သေးပေမယ့်လည်း ပြင်းပြင်းထန်ထန် အနာတရဖြစ်ခြင်းတော့ မရှိခဲ့ဖူးလို့ ဆိုပါတယ်။

သူဖြစ်စေချင်တဲ့ အတိုင်းပဲ အမျိုးသမီးကို ရမ်းကားမှု ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှုတွေနဲ့ ဖမ်းဆီးလိုက်ကြလို့ သူမအတွက် ရက်အတော်ကြာ နွေးထွေးတဲ့ ခိုလှုံရာတစ်ခုတော့ သေချာသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly