ကိုဗစ်-၁၉ အကျပ်အတည်း စီမံခန့်ခွဲမှုတွင် နိုင်ငံ ၅၀ ကျော်အနက် ပါကစ္စတန်က အောက်ဆုံးရောက်နေ

ကိုဗစ်-၁၉ အကျပ်အတည်း စီမံခန့်ခွဲမှုတွင် နိုင်ငံ ၅၀ ကျော်အနက် ပါကစ္စတန်က အောက်ဆုံးရောက်နေ

ပါကစ္စတန်သည် ဖေဖေါ်ဝါရီလအတွက် Bloomberg ၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကိုင်တွယ်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အောက်ဆုံးတွင် ဖော်ပြခံခဲ့ရသည်ဖြစ်ရာ ယင်းသည် နိုင်ငံတွင် ကပ်ရောဂါကို အောင်မြင်စွာ စီမံခန့်ခွဲနေသည်ဆိုသည့် ဝန်ကြီးချုပ် အီမရန်ခန်းက ပြည်သူတို့ ကြွားဝါထုတ်ဖော်ချက်အတွက် ထိုးနှက်မှုတစ်ခု ဖြစ်ခဲ့သည်။

Bloomberg ၏ အဆင့်သတ်မှတ်ချက်တွင် ယူအေအီးသည် ထိပ်ဆုံးနေရာ၌ ရှိနေခဲ့ပြီး ယင်းနိုင်ငံသည် ကာကွယ်ဆေးထိုးနှံထားပြီးသူများ၏ ခရီးသွားလာမှု လမ်းကြောင်းနှင့် အသေအပျောက် နည်းပါးခြင်း ကဲ့သို့သော အချက်အများအပြားတွင် ကောင်းစွာ စွမ်းဆောင်ထားနိုင်ခဲ့သည်။

ပါကစ္စတန်အနေဖြင့် လက်ရှိတွင် ကပ်ရောဂါ စီမံကိုင်တွယ်မှုဆိုင်ရာ ယင်း၏ မဟာဗျူဟာကို ပြန်လည်ပြီး အသေးစိတ်ပြင်ဆင်ရန် လိုနေသည်။

ပါကစ္စတန်၏ အဆင့်ကျဆင်းမှုက အဓိကအားဖြင့် ကာကွယ်ဆေးထိုးနှံမှု အဆင့်နိမ့်ကျခြင်း၊ ကာကွယ်ဆေး မထိုးရသေးသူများအပေါ် ကန့်သတ်ပိတ်ပင်ချက်များ တင်းကျပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အားနည်းခြင်းတို့နှင့် သက်ဆိုင်နေသည်။

“ပါကစ္စတန်ဟာ ခုချိန်မှာ ကပ်ရောဂါကာလအတွင်း နေထိုင်ဖို့ အဆိုးဆုံးနေရာဖြစ်နေပါတယ်။ ဒါကတော့ ကိုဗစ်-၁၉ ကို စီမံခန့်ခွဲရာမှာ အောင်မြင်မှု ရထားတယ်ဆိုတဲ့ ပါကစ္စတန် အမျိုးသားရေးဝါဒီတွေရဲ့ ပြောဆိုချက်နဲ့ ဆန့်ကျင်ဘက်ဆိုသလို ဖြစ်နေပါတယ်” ဟု Bloomberg က တွစ်တာတွင် ရေးသည်။

ထို့ပြင် ပြန်လည်ဖွင့်လှစ်မှုဆိုင်ရာ တိုးတက်မှုနှင့်ပတ်သက်သည့် ကိုဗစ် ဒဏ်ခံနိုင်ရည် ရမှတ် ၄၉ ဒသမ ၈ နှင့်အတူ ပါကစ္စတန်သည် လေယာဉ်ခရီးစဉ် ပြေးဆွဲနိုင်စွမ်းနှင့် ကာကွယ်ဆေးထိုးပြီးသူများ၏ ခရီးသွားလာမှု လမ်းကြောင်းများ အပိုင်းတွင် စွမ်းဆောင်ရည် အဆိုးဆုံး ဖြစ်နေသည်။

ယင်းရမှတ်က ကိုဗစ်-၁၉ အကျပ်အတည်းကို ကိုင်တွယ်ရာတွင် မဟာဗျူဟာ ပြောင်းလဲရန် လုံလောက်သည့် ပင်ကိုစွမ်းရည်နှင့် စီမံခန့်ခွဲမှုမျိုး ပါကစ္စတန်အစိုးရထံ၌ ရှိမနေခြင်းကို ပြသနေသလို စီးပွားရေး လုပ်ငန်းကိုင်ငန်းများကိုလည်း အလျဉ်ပြတ်တောက်မှုများ ဖြစ်စေခဲ့သည်။

စွမ်းအင်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေချိန် ပါကစ္စတန်အစိုးရအနေဖြင့် ယင်း၏ စီးပွားရေးကို ပြန်လည် ဦးမော့စေရန် မလုပ်ဆောင်ခင် ခက်ခဲသော လုပ်ငန်းတာဝန်နှင့် ရင်ဆိုင်နေရသည်။ ယင်းသည် အာဏာရPakistan Tehreek-e-Insaf (PTI) အစိုးရ ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းဆောင်ရည်အပေါ် သက်ရောက်နေသည်။

Bloomberg အစီရင်ခံစာအရ ကပ်ရောဂါ ကိုင်တွယ်ရာတွင် အကောင်းဆုံး ထိပ်တန်းသုံးနိုင်ငံထဲတွင် ရပ်တည်နေသည့် အိုင်ယာလန်နှင့် ဆော်ဒီအာရေဗျတို့တွင် လူမှုဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ အလျဉ်ပြတ်ပြားမှုများက အနည်းဆုံးဖြစ်နေသည်ကို တွေ့ရသည်။

ကာကွယ်ဆေးနှင့် သက်ဆိုင်သည့် အချက်များနှင့် အသွားအလာဆိုင်ရာ စီမံခန့်ခွဲမှုအပြင် ယခု အဆင့်သတ်မှတ်ချက်သည် ဒဏ်ခံနိုင်မှုနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လွှမ်းခြုံမှု၊ လူသားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းနှင့် ဂျီဒီပီ တိုးတက်မှု ခန့်မှန်းချက်တို့ကိုလည်း ထည့်သွင်းစဉ်းစားသည်။

အောင်မြင်မှုရှိသော ကိုဗစ်-၁၉ ဆိုင်ရာ စီမံခန့်ခွဲမှုက အလွန်တက်ကြွအားပါသော မဟာဗျူဟာတစ်ခု လိုအပ်သည်။ တစ်နှစ်တာ၏ ကိုဗစ်-၁၉ ကိုင်တွယ် ထိန်းချုပ်နိုင်မှုနှင့် အဆင့်သတ်မှတ်ချက်တွင် အောင်မြင်မှုများနှင့် မအောင်မြင်မှုများကို နှိုင်းယှဉ်သည့် အချက်အလက်အား ၂၀၂၁ နိုဝင်ဘာလအစောပိုင်းက Bloomberg ၌ ဖော်ပြရာတွင် “၁၂ လ တာ အဆင့်သတ်မှတ်ချက်တွင် ရှင်းလင်းသော ဖော်ပြချက်မှာ အတိတ်ကာလ စွမ်းဆောင်နိုင်မှုက အနာဂတ်ကာလ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို အာမခံချက်မပေး” ဆိုသည့် အချက်ပင် ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် တစ်နှစ်အတွင်း အဆင့်သတ်မှတ်ချက်၏ အလယ်ဆင့် အထက်ကို မည်သည့်အခါမှ တက်ခဲ့ခြင်း မရှိသည့် နိုင်ငံ ၉ နိုင်ငံထဲတွင် ပါကစ္စတန်လည်းပါဝင်ကြောင်း တွေ့ရှိရသည်။

ထိုနိုင်ငံများသည် ကပ်ရောဂါကြောင့် ထိခိုက်မှု အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံများဖြစ်ပြီး လက်ရှိတွင်လည်း ကာကွယ်ဆေးများကို အကန့်အသတ်ဖြင့် ရရှိနေမှုနှင့်အတူ ဆက်လက် ရုန်းကန်နေရနိုင်ဆဲဖြစ်သည်ဟု ကောက်ချက်ချထားခဲ့သည်။

ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ပါကစ္စတန်၏ ကျန်းမာရေးစနစ်ဆိုင်ရာ အားနည်းမှုကလည်း တိုက်ခိုက်ခံနေရသည်။ နိုင်ငံသည် ပြဿနာအများအပြားနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းတို့သည် ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့သူများနှင့် သက်ဆိုင်နေရုံတင်မကဘဲ မြို့ပြအချက်အချာနေရာများ၌ ၎င်းတို့၏ ဖြန့်ဖြူးမှုနှင့် စုစည်းမှုတို့နှင့် သက်ဆိုင်နေကြောင်း သိရသည်။

ပါကစ္စတန်တွင် ဆရာဝန်နှင့် သမားတော်အချိုးအစားသည် ဒေသတွင်း၌ အနိမ့်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး (၀ ဒသမ ၉၆/၁၀၀၀) ဖြစ်သလို သူနာပြုဦးရေ အချိုးသည်လည်း (၀ ဒသမ ၄၉/၁၀၀၀ ) ဖြစ်သည်။

ထို့ပြင် ဆရာဝန်များနှင့် သူနာပြု အချိုးသည်လည်း ပြောင်းပြန်အခြေအနေ ဆက်ဖြစ်နေပြီး အခြားတစ်နေရာသို့ ထွက်ခွာရွှေ့ပြောင်းနေထိုင်မှုနှုန်း မြင့်တက်ခြင်းကြောင့် ဆရာဝန်များထက် သူနာပြုဦးရေ မွေးထုတ်မှုက နည်းပါးနေသည်။ ထို့ပြင် ဤ အလွန်ကြီးမားသော ကပ်ရောဂါ အတိုင်းအတာကို စီမံခန့်ခွဲရန် ပြည်နယ်၊ ခရိုင်နှင့် ခရိုင်ခွဲ လယ်ဗယ်များတွင် လေ့ကျင့်သင်ကြားထားမှု မရှိသော အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့များ ရှိနေခဲ့သည်ဟု သိရသည်။

ထို့ပြင် သာတူညီမျှမှု မရှိခြင်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အားနည်း ညံ့ဖျင်းမှုတို့က ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထိခိုက်စေသည်။ ကျန်းမာရေး သိပ္ပံနှင့် မသက်ဆိုင်သော မူဝါဒ ချမှတ်သူများမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် စီမံခန့်ခွဲခြင်းနှင့်ပတ်သက်ပြီး အသိပညာ များများစားစား မရှိသသလို ကျန်းမာရေး စောင့်ရှောက်မှုစနစ်များနှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှုများကို မသိရှိကြပေ။ ယင်းက ကိုဗစ်-၁၉ အကျပ်အတည်းအတွင်း ပါကစ္စတန်၏ အလျင်အမြန် တုံ့ပြန်နိုင်မှုအပေါ် ထိခိုက်ထားစေခဲ့သည်။

ထို့ပြင် ပါကစ္စတန်သည် ကုလသမဂ္ဂ၏ လူသား ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (HDI) တွင်လည်း အခြားနိုင်ငံများထက် နောက်ကျကျန်နေသည်။ ယင်းနိုင်ငံသည် ၂၀၂၀ HDI အဆင့်သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် အဆင့် ၁၅၄ တွင် ရှိနေခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် ပါကစ္စတန်၏ HDI တန်ဖိုးမှာ ၀ ဒသမ ၅၅၇ ဖြစ်ပြီး ယင်းသည် အလယ်အလတ်တန်းစား လူသားဖွံ့ဖြိုးမှု အဆင့်သတ်မှတ်ချက်တွင် နိုင်ငံကို ရောက်ရှိစေကာ အုပ်စု၏ ပျမ်းမျှ (၀ ဒသမ ၆၃၁) အောက်နှင့် တောင်အာရှပျမ်းမျှ (၀ ဒသမ ၆၄၁) အောက်တွင် ရှိနေသည်။

UNDP ၏ အဆိုအရ ပါကစ္စတန်လူဦးရေ၏ ၃၈ ဒသမ ၃ ရာခိုင်နှုန်းသည် (ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှု အဆင့်အတန်းများအရ) ဘက်ပေါင်းစုံ ဆင်းရဲနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly