ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်မှုများ စတင်

ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်မှုများ စတင်

တရုတ်နိုင်ငံ၏ဘဏ္ဍာရေးအချက်အချာဖြစ်သော ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည် ဖြစ်ပွားလာသည်နှင့်အမျှ မတ်လ ၂၈ ရက်မှစ၍ မြို့အနှံ့တွင် ဓာတ်ခွဲစမ်းသပ်မှုများ စတင်ခဲ့သည်။

ဖူတုံးနှင့်ကပ်လျက်ဒေသများအပါအဝင် ဟွမ်ဖူမြစ်အရှေ့ဘက်နှင့်တောင်ဘက်ရှိ ဒေသများတွင် မတ်လ ၂၈ ရက် နံနက် ၅ နာရီမှ ဧပြီလ ၁ ရက် နံနက် ၅ နာရီအထိ ယာယီပိတ်ဆို့မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

ဟွမ်ဖူမြစ်အနောက်ဘက် မြို့ပြခရိုင်များတွင်လည်း ဧပြီလ ၁ ရက် နံနက် ၃ နာရီမှ ဧပြီလ ၅ ရက်နေ့ နံနက် ၃ နာရီအထိ အလားတူပိတ်ဆို့မှုများလုပ်ကာ ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်မည်ဖြစ်သည်။

အသွားအလာတားမြစ်မှုကိုရောဂါကူးစက်ခံရသည့် လူနေရပ်ကွက်များတွင် ပြုလုပ်မည်ဖြစ်ကာ ဒေသခံများသည် အိမ်အတွင်း၌သာ နေရမည်ဖြစ်ပြီး ပစ္စည်းများ ပေးပို့ခြင်းလည်း ခွင့်ပြုမည်မဟုတ်ပေ။

ဘတ်စ်ကား၊ မြေအောက်ရထား၊ ကူးတို့၊ တက္ကစီနှင့် အွန်လိုင်းဖြင့် ကားဝန်ဆောင်မှုများအပါအဝင် သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်တွင်းကူးစက်ခံရသူ ၁၂၁၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်က မတ်လ ၂၇ ရက်တွင်ပြောသည်။

ဒေသတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ်များအနက် ကျီလင်းပြည်နယ်တွင် ၁၀၇၁ ဦး ကူးစက်ခံရပြီး ရှန်ဟိုင်းတွင် ၄၇ ဦး၊ လျောင်နင်တွင် ၂၈ ဦး၊ တီယန်ကျင်းတွင် ၁၆ ဦး၊ ဟီနန်တွင် ၁၄ ဉီးနှင့်ဟဲပေတွင် ၁၀ ဦး ရှိကြောင်း ကျန်းမာရေးကော်မရှင်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။

မတ်လ ၂၆ ရက်တွင်လည်း ပြည်တော်ပြန်များထဲမှ ကူးစက်သူ ၃၇ ဦးကို တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးကော်မရှင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly