တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း နီပေါ၏ တင်းမာသောရပ်တည်ချက်ကြောင့် BRI စီမံကိန်းအပေါ် သဘောတူညီမှု မရရှိခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း နီပေါ၏ တင်းမာသောရပ်တည်ချက်ကြောင့် BRI စီမံကိန်းအပေါ် သဘောတူညီမှု မရရှိခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နီပေါသို့ အလည်အပတ်ရောက်ရှိနေချိန်အတွင်း ခါးပတ်လမ်းစီမံကိန်းသစ် (BRI) စီမံကိန်းများနှင့် ယင်းနှင့်သက်ဆိုင်သည့် ချေးငွေများဆိုင်ရာ သဘောတူညီချက်ကို နှစ်နိုင်ငံ လက်မှတ် ရေး မရေးထိုးနိုင်ခဲ့ဘဲ နီပေါက နှောင်ကြိုးပါသော မည်သည့်စီမံကိန်းကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြတ်သားစွာ တုံ့ပြန်လိုက်သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီး နာယာယမ် ခက်ခါနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မတ်လ ၂၆ရက်က ကိုယ်စားလှယ်အဆင့် ဆွေးနွေးပြီးနောက် သဘောတူညီချက် ၉ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် လူဖလှယ်မှုဆိုင်ရာ သဘောတူညီချက် များ အပါအဝင် နီပေါတွင် လုပ်ကိုင်နေသည့် တရုတ်စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့သော်လည်း ပိုးလမ်းမသစ်စီမံကိန်းနှင့် ပတ်သက်သည့် သဘောတူညီချက်များ မပါရှိခဲ့ပေ။

"နီပေါ၏ စီးပွားရေးကို ဦးစားပေး အလေးပေး ပြောဆိုသည့်အခါ နီပေါဝန်ကြီးချုပ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် ဝမ်ယိနှင့် တွေ့ဆုံစဉ် ချေးငွေသတ်မှတ်ချက်များကို နီပေါက သဘောမတူ ကြောင်း ပြောကြားခဲ့ပြီး ထောက်ပံ့ကြေးအစီအစဉ်ဖြင့်ဖော်ဆောင်မည့် တရုတ်ထံမှ နောက်ထပ် စီမံကိန်းများ အကြောင်းကိုသာ ဆွေးနွေးခဲ့သည်” ဝန်ကြီးချုပ်၏ ပြည်သူ့ရေးရာ အကြီးအကဲ ဂိုဗင်ဒါ ပါရီယာကို ခတ္တမန္ဒူပို့စ်က ကိုးကား ဖော်ပြခဲ့သည်။

နီပေါသည် ၂၀၁၇ခုနှစ် မေလတွင် BRI မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း စီမံကိန်း အကောင်အထည်ဖော်မှုသဘောတူညီချက်ပါ စာသားကို အပြီးသတ်ရေးဆွဲခြင်းနှင့် တရုတ် ရင်းနှီးမြှုပ်နှံသူများ၏ မြေယာသိမ်းပိုက်မှုနှင့် လျော်ကြေးလုံလောက်စွာ မပေးခြင်းကြောင့် ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းအပါအဝင် ကန့်သတ်ချက်များစွာကြောင့် စီမံကိန်းတစ်ခုမှ အကောင်အထည်မဖော်နိုင်သေးပေ။

နီပေါသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မရောက်လာမီကပင် BRI စီမံကိန်းများအတွက် ကြိုတင် စာရင်းပေးထားသည်။

စီမံကိန်းများရွေးချယ်ရာတွင် ပူးတွဲအဖွဲ့တစ်ခုရှိသင့်ကြောင်း နီပေါအစိုးရက ရှင်းလင်းပြောကြားခဲ့ပြီး ချေးငွေ အတွက် ဦးစားပေးစီမံကိန်းများအတွက် ချေးငွေလိုအပ်ပါက ချေးငွေအတိုးနှုန်းကို ၂ ရာခိုင်နှုန်းထက် မကျော်လွန်သင့်ဘဲ ချေးငွေပြန်ဆပ်ရမည့်အချိန်ကို နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် အချိန်ဇယားကို အခြေခံထားကာ ဆုံးဖြတ်သင့်ကြောင်း ပြောကြားခဲ့သည်။

“BRI လက်အောက်ရှိ စီမံကိန်းများအတွက် အတိုးနည်းချေးငွေများမှာ အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်းထက် မပိုစေ သင့်ကြောင်း၊ အလားတူ ပြန်ဆပ်ရမည့်အချိန်သည် နိုင်ငံတကာစံနှုန်းအတိုင်း သို့မဟုတ် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဏ်နှင့် တခြားဘဏ်များက ချမှတ်ထားသည့် အတိုးနှုန်းအတိုင်းဖြစ်သင့်သည်” ဟု နီပေါဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးကို ခတ္တမန္ဒူပို့စ်မှ ကိုးကားဖော်ပြခဲ့သည်။

နီပေါသည် BRI စီမံကိန်းများတွင် အပြိုင်အဆိုင် လေလံဆွဲသင့်ပြီး ယင်းတို့သည် တရုတ်ကုမ္ပဏီများသာမကဘဲ အားလုံးအတွက် ဖြစ်သင့်သည်ဟုလည်း နီပေါက သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required