လက်နှစ်ဖက်မရှိသော ရေကူးမယ် အေးအေးစန်းနှင့် ပတ်သက်ပြီး မသန်စွမ်းအဖွဲ့ချုပ် ရှင်းလင်း

လက်နှစ်ဖက်မရှိသော ရေကူးမယ် အေးအေးစန်းနှင့် ပတ်သက်ပြီး မသန်စွမ်းအဖွဲ့ချုပ် ရှင်းလင်း

ဇန်နဝါရီ ၂၅၊ ရန်ကုန် ။            ။ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် လက်နှစ်ဖက်မရှိသော ရေကူးအားကစားမယ်တစ်ဦး တောင်းရမ်းစားသောက်နေရသည်ဟူသော သတင်းနှင့်ဓာတ်ပုံများ ပျံ့နှံ့နေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးပီတာက မဇ္ဈိမသို့ ရှင်းလင်းပြောကြားခဲ့သည်။

အေးအေးစန်းမှာ မသန်စွမ်းရေကူးလက်ရွေးစင်တစ်ဦးဖြစ်သည်ဟု ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေပြီး တောင်းစားနေရခြင်းမှာ မြန်မာနိုင်ငံ၏အားကစားသမားတစ်ယောက်အပေါ် တန်ဖိုးမထားရာရောက်သည် ဟု ဝေဖန်ပြောဆိုမှုများရှိနေသည်။

“သူက ပြည်တွင်းပွဲတွေမှာဆုရခဲ့တာမှန်ပါတယ်။ ဒါပေမယ့် လက်ရွေးစင်ဖြစ်ဖို့ အတွက်တော့ အဆင့်မမီသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ခုနှစ်ကြိမ်မြောက်အာဆီယံပြိုင်ပွဲအတွက် စံချိန်ယူ တဲ့နေရာမှာ ကျန်ခဲ့တာပါ။

သူ့ကို ကျွန်တော်တို့ လူမှုဝန်ထမ်းကျောင်းကနေခေါ်ပြီး လေ့ကျင့်ပေးထားတာပါ။ လူမှုဝန်ထမ်းကျောင်းမှာနေကတည်းက အပြင်ထွက်ပြီးတောင်းလို့ အထုတ်ခံခဲ့ရပါသေးတယ်။ နောက်ပိုင်း ကျွန်တော်တို့က အားကစားသမားတစ်ယောက်အနေနဲ့ လူမှုဝန်ထမ်းကျောင်းကို ပြန်ပို့ပေးပေမယ့် သူ့မိဘတွေက လာပြန်ခေါ်ပြီးတောင်းစားခိုင်းတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီမှာ သူ့လိုလက်နှစ်ဖက်မရှိတဲ့ သူ့ထက်ပိုကောင်းတဲ့ ကစားသမားတွေအများကြီးပါ။ လာကြည့်နိုင်ပါတယ်။”ဟု ဦးပီတာက မဇ္ဈိမ၏ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အေးအေးစန်း မြန်မာ့လက်ရွေးစင်ရေကူးမယ်ဖြစ်လာစေရန်အတွက် လူငယ်တစ်ချို့ဦးဆောင်ပြီး ငွေကြေးအလှူခံမှုများကို ဇန်နဝါရီ ၂၈ရက်တွင် ပြုလုပ်မည်ဟုလည်း ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြမှု များရှိနေသည်။

၎င်းကို လက်ရွေးစင်ကစားသမားဖြစ်လာစေရန် ပြန်လည်လေ့ကျင့်ပေးမည့် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီးလည်း ဦးပီတာက “သူ့ကို ကျွန်တော်တို့ပဲ ရှာပြီးရေကူးတတ်အောင်သင်ပေး ထားတာပါ။ လောလောဆယ်တော့ ဘယ်ကစားသမားကိုမှ စခန်းသွင်းထားတာမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ စခန်းမသွင်းတဲ့အချိန်မှာတော့ အားကစားသမားတွေကို အိမ်ပြန်လွှတ်ရပါတယ်။ သူ လက်ရွေးစင်အသင်းအတွက် ပြန်လာလေ့ကျင့်မယ်ဆို ကျွန်တော်တို့က ကြိုဆိုမှာပါ။ ဒါပေမယ့် ကာယကံရှင်ရဲ့ ဆန္ဒက အရေးကြီးပါတယ်။ ကျွန်တော်တို့က သူ့ကိုပစ်ထားတာမဟုတ်ပါဘူး။ သူ့မိဘတွေကိုယ်တိုင်က လာထုတ်သွားတာပါ။”ဟု ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကာယကံရှင် အေးအေးစန်းကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အခက်အခဲအချို့ကြောင့် ဆက်သွယ်၍မရခဲ့ပေ။ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ မသန်စွမ်းအားကစားသမားများလေ့ကျင့်ရေးကွင်းကို ရန်ကုန်မြို့၊ မြောက်ဒဂုံတွင်ဖွင့်လှစ်ထားပြီး လက်ရွေးစင် မသန်စွမ်းကစားသမားများ ရွေးချယ်လေ့ကျင့်ပေးကာ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နေသည်။ ၂၀၁၅ စင်ကာပူမသန်စွမ်းဆီးဂိမ်းတွင် မြန်မာအသန်စွမ်းအားကစားအဖွဲ့က ဆုတံဆိပ် ၆၂ခုရယူနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly