ပါကစ္စတန်တွင် အခွင့်အရေးချိုးဖောက်မှုများကို တက်ကြွလှုပ်ရှားသူ ၁ ဦးက ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆို

By The Print
30 March 2022
ပါကစ္စတန်တွင် အခွင့်အရေးချိုးဖောက်မှုများကို တက်ကြွလှုပ်ရှားသူ ၁ ဦးက ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆို

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု အစုအဖွဲ့များအပေါ် အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ် နေခြင်းနှင့်ပတ်သက်ပြီး ဘာလို့ချ် မျိုးနွယ်စုဝင် နိုင်ငံရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မူနာ မန်ဂယ်လ်က မတ်လ ၂၂ ရက်တွင် ထုတ်ဖော်ခဲ့သည်။

“အကြမ်းဖက်မှု၊ လူမဆန် ရက်စက်မှုနဲ့ ခေတ်နောက်ပြန်ဆွဲမှုတို့ ဘယ်လောက် အတိုင်းအတာပမာဏအထိ ဖြစ်ဖြစ်၊ ဒါက အခြေခံအခွင့်အရေး ဖြစ်တဲ့ လွတ်လပ်ခွင့်ကို ရလိုတဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။ ၁၉၄၈ နောက်ပိုင်း ကိုလိုနီအတွေးအခေါ်တစ်ခုနဲ့အတူ ပါကစ္စတန်အာဏာပိုင်တွေဟာ ဘာလိုချီစတန်ပြည်နယ်က ပြည်သူတွေအပေါ် အင်အားသုံး လုပ်ဆောင်ထားခဲ့ပါတယ်။ ဘာလိုချီစတန် ပြည်သူတွေဆိုတာ သူတို့ရဲ့ အခြေခံအကျဆုံး အခွင့်အ‌ရေး ဖြစ်တဲ့ သူတို့ရဲ့မြေပေါ်မှာ သူတို့ရဲ့ အချုပ်အချာအာဏာကို ပြန်လည် ရယူပိုင်ခွင့်ကို လက်လျှော့စွန့်လွှတ်ဖို့ ငြင်းဆန်ထားကြပါတယ်” ဟု မူနာက ၄၉ ကြိမ်မြောက် ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး၌ ပြောသည်။

ပါကစ္စတန်အာဏာပိုင်တို့၏ လူမဆန် ရက်စက်မှုများက ဘာလိုချီစတန်ပြည်သူတို့အတွက် အဆုံးမရှိသော ကံဆိုးမိုးမှောင်ကျမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ဘာလို့ချ် အခွင့်အရေး တက်ကြွလှုပ်ရှားသူက ပြောသည်။

“အတင်းအကျပ် ဖျောက်ဖျက်မှုဒဏ်ခံရသူတွေ ဘေးကင်းစွာ ပြန်လွတ်လာဖို့အတွက် သူတို့ရဲ့ မိသားစုဝင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားတွေဟာ ကွက်တာ၊ ကရာချိနဲ့ အစ္စလမ်မာဘတ်မှာ ရှိတဲ့ သတင်းမီဒီယာကလပ်တွေမှာ အဆက်မပြတ် စုရုံးထုတ်ဖော်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ဘာလို့ချ် မျိုးနွယ်စုဝင် ထောင်နှင့်ချီသည် အတင်းအကျပ် ဖျောက်ဖျက်မှုဒဏ်ခံထားရကြောင်း လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာများကို ကိုးကား၍ မူနာက ပြောသည်။

“ဘာလိုချီစတန်မှာ အင်အားသုံး ဖျောက်ဖျက်မှု၊ ဥပဒေကို ကျော်လွန် သတ်ဖြတ်မှုနဲ့ ပစ်မှတ်ထား သတ်ဖြတ်မှုတွေကို နေ့စဉ်နဲ့အမျှ ဆိုသလို ဒဏ်ခတ်မခံရဘဲနဲ့ စနစ်တကျ ကျူးလွန်တာတွေ ရှိနေတာပါ” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly