ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့် တရုတ်နိုင်ငံတွင် ဖိနပ်ကုမ္ပဏီများ လုပ်ငန်းနှောင့်နှေးနေ

ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့် တရုတ်နိုင်ငံတွင် ဖိနပ်ကုမ္ပဏီများ လုပ်ငန်းနှောင့်နှေးနေ

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်ရှိ ဖိနပ်ချုပ်လုပ်ငန်းသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ပြန်လည် ဖြစ်ပွားမှု၏ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရကာ ထောက်ပံ့ပို့ဆောင်မှုများ နှောင့်နှေးပြီး ပြည်တွင်းအားကစားအမှတ်တံဆိပ်များ၏ ထုတ်ကုန်သစ်များ ဖြန့်ချိမှုကာလကို ရွှေ့ဆိုင်းထားရသည်။

ကွမ်ကျိုးမြို့ရှိ ပြည်တွင်းဖိနပ်လုပ်ငန်းများ၏ နေ့စဉ်ထုတ်လုပ်မှုအပေါ် သိသိသာသာသက်ရောက်လျက်ရှိပြီး ဖိနပ်ထုတ်လုပ်သူအများအပြားသည် ကန့်သတ်ထိန်းချုပ်သည့် စီမံကွပ်ကဲမှုအောက်၌ ထောက်ပံ့ပို့ဆောင်ရေးတွင် တားမြစ်မှုများနှင့်ကြုံနေရကြောင်း Global Times က ဖော်ပြသည်။

ဖိနပ်ချုပ်လုပ်ငန်းသည် ပြည်တွင်းစီးပွားရေးအတွက် အဓိကအရင်းအမြစ်ဖြစ်သည်။ ဖူကျန်းပြည်နယ်ရှိ ကွမ်ကျိုးမြိုနှင့် ဖူတီယန်မြို့များရှိ ဖိနပ်ချုပ်လုပ်ငန်းတို့က ကုန်ပစ္စည်းတင်ပို့ရေးလုပ်ငန်းစဉ်သည် နှောင့်နှေးနေပြီး ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ရပ်ဆိုင်းထားကြောင်း အတည်ပြု ခဲ့ကြသည်။

ကွမ်ကျိုးတွင် တင်းကျပ်သော ကူးစက်ရောဂါကာကွယ်ရေး အစီအမံများကို ချမှတ်ထားသည်။ အသွားအလာကန့်သတ်ထားသော ဒေသများအတွက် ကုန်ပို့ဝန်ဆောင်မှုများ ဆိုင်းငံ့ထားကြောင်း ကွမ်ကျိုးမြူနီစီပယ်ပို့ဆောင်ရေးဌာနက ပြောသည်။

ဖူကျန်းပြည်နယ်တွင် မတ်လ ၂၃ ရက်က အတည်ပြုလူနာအသစ် ၆၉ ဦး ရှိခဲ့ပြီး ကွမ်ကျိုးမှ ၆၅ ဦးနှင့် ဖူတီယန်မှ ၃ ဦးတို့ဖြစ်သည်။ ၎င်းပြည်နယ်တွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူ ၁၆၂ လည်းရှိသည်ဟု သတင်းစာ၌ ဖော်ပြထားသည်။

အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ထိန်းချုပ်မှုအစီအမံများကို ဖြေလျှော့ပေးသည့် လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုဗစ်လုံးဝကင်းစင်ရေးမူကို လက်ကိုင်ထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ မြင့်တက်လာမှုနှင့် ကြွေးမြီများကို ထိန်းချုပ်ရန် ကြိုးပမ်းနေရချိန်တွင် တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ငွေကြေးကျပ်တည်းနေသော ဒေသန္တရအစိုးရများကို အကျပ်ရိုက်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly