တရုတ်နိုင်ငံခြားရေးဝန်ကြီး နီပေါသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး နီပေါသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နီပေါနိုင်ငံသို့ ၃ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် မတ်လ ၂၅ရက်က ရောက်ရှိခဲ့သည်။

"တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၂၅ရက် မွန်းလွဲပိုင်းတွင် ခေတ္တမန္ဒူမြို့သို့ ၃ ရက်ကြာ တရားဝင် အလည်အပတ်ခရီး ရောက်ရှိခဲ့သည်။ ဧည့်သည်တော်အား နီပေါ နိုင်ငံခြားရေး အတွင်းဝန် ဘာရတ်ရာ့ဂျ် ပတ်ရယ်က ထရပ်ဟူဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နွေးထွေးစွာ ကြိုဆိုခဲ့သည်” ဟု နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာနက တွစ်တာတွင် ပြောကြားခဲ့သည်။

ဝမ်ယိသည် အိန္ဒိယသို့ အလည်အပတ်သွားရောက်ပြီးနောက် နီပေါနိုင်ငံသို့ မတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလမ်မာဘတ်မြို့တွင် အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဝမ်ယိသည် အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့သို့ သွားရောက်ပြီးနောက် အိန္ဒိယသို့ ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်အတွက် နစ်နာမှုတစ်ခုအဖြစ် ရှုမြင်သည့် ထောင်စုနှစ်စိန်ခေါ်မှုကော်ပိုရေးရှင်း (MCC) မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ နီပေါကို ပေးအပ်သည့် ကာလတွင် ဝမ်ယိသည် နီပေါသို့ ရောက်ရှိ လာခြင်းဖြစ်သည်။

The Annapurna Express တွင် ရှန်ဘူခက်တယ်လ်ရေးသည့် ဆောင်းပါးတစ်ပုဒ်အရ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက နီပေါတွင် တရုတ်၏ သြဇာအားနည်းနေသည်ဟု သုံးသပ်ထားပုံရသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား ခတ္တမန္ဒူမြို့သို့ စေလွှတ်ပြီး ကိစ္စရပ်များအား အဆင်ပြေစေမည့် နည်းလမ်းများကို ရှာဖွေနေကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဆောင်းပါးအရ၊ နီပေါတွင် ဝမ်၏ အဓိက အစီအစဉ်မှာ နီပေါတွင် တရုတ်က စိတ်ချလုံခြုံသည့်အခြေအနေ မရှိတော့ဟု ခံစားနေရ သောကြောင့် တရုတ်၏ ပထဝီဝင်နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ပြန်လည် အကဲဖြတ်ရန် ဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားခဲ့သည်။

တရုတ်ကို ဝိုင်းပတ်ရန် အမေရိကန်၏ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နီပေါဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ပေးအပ်ခြင်းဖြစ်ကြောင်း တရုတ်က ရှုမြင်နေသည်ဟု ဆောင်းပါးတွင် ဖော်ပြ ထားသည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly