အကြမ်းဖက်နှိမ်နှင်းရေးနှင့် ဗဟုဝါဒမြှင့်တင်ရေးတွင် အိန္ဒိယက အာရပ်နိုင်ငံများအဖွဲ့နှင့် ဆက်လက် ပူးပေါင်းသွားမည်

အကြမ်းဖက်နှိမ်နှင်းရေးနှင့် ဗဟုဝါဒမြှင့်တင်ရေးတွင် အိန္ဒိယက အာရပ်နိုင်ငံများအဖွဲ့နှင့် ဆက်လက် ပူးပေါင်းသွားမည်

အိန္ဒိယအနေဖြင့် အကြမ်းဖက်နှိမ်နှင်းရေးနှင့် ဗဟုဝါဒမြှင့်တင်ရေးတွင် အာရပ်နိုင်ငံများအဖွဲ့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု နို်ငငံခြားရေးအတွင်းဝန် ဟက်ရှ်ဗာဓာန်ရှရင်ဂလာက ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အစည်းအဝေးတွင် မတ် ၂၃ ရက်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများ (အာရပ်နိုင်ငံများအဖွဲ့) တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးတွင် ရှရင်ဂလာက “လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အာရပ်ကမ္ဘာဟာ

လူသားတို့ယဉ်ကျေးမှုရဲ့ ကနဦးအစဖြစ်ပါတယ်။ မဟာဗျူဟာကျတဲ့ တည်နေရာကြောင့် အာရပ်ကမ္ဘာက ဖွံ့ဖြိုးမှုတွေဟာ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းမှာ လွှမ်းမိုးခဲ့သလို တစ်ကမ္ဘာလုံးမှာ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ ယနေ့ခတ်မှာ ဒီဒေသကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အဲဒါတွေကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းမယ်ဆိုတာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ်မှာ အရေးပါတဲ့ သက်ရောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနှင့် အာရပ်ဒေသတို့အကြား ဆက်ဆံရေး သမိုင်းကြောင်းကိုလည်း ရှရင်ဂလာက ပြောကြားခဲ့သည်။

“ယနေ့ခေတ် ကူးသန်းရောင်းဝယ်ရေး မစတင်မီကတည်းက အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး အိန္ဒိယနဲ့ အာရပ်ဒေသတို့ရဲ့ ကုန်စည်ကူးသန်းမှုဟာ ရာစုနှစ်များစွာ တိုးတက်ဖွံ့ဖြိုးခဲ့ပြီး ဖြစ်ပါတယ်။ မကြာသေးခင်ကာလကမှ အိန္ဒိယရဲ့ ရူပီးငွေကို အာရပ်နိုင်ငံအချို့နဲ့ ကုန်သွယ်ရာမှာ တရားဝင်အသုံးပြုနေပြီ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“အာရပ်ကမ္ဘာက နိုင်ငံတွေမှာ အိန္ဒိယနိုင်ငံသား ၉ သန်းကျော်ရောက်နေပါပြီ။ အိန္ဒိယနဲ့ ဒီနိုင်ငံတွေအကြား ကျယ်ပြန့်တဲ့ မိတ်ဘက်ဆက်ဆံရေးဟာ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ သန့်ရှင်းသော စွမ်းအင်၊ အကြမ်းဖက်နှိမ်နှင်းရေးနဲ့ နည်းပညာသစ်များအထိ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါတယ်” ဟုလည်း ပြောကြားသည်။

အနာဂတ်တွင် မိတ်ဘက်ဆက်ဆံရေး အားကောင်းစေမည့် ပုံမှန်ဆွေးနွေးမှု လုပ်ငန်းစဉ်အဖြစ် အသားတကျဖြစ်စေရေးအတွက် အိန္ဒိယနှင့် အာရပ်နိုင်ငံများအဖွဲ့အကြား လွန်ခဲ့သည့် နှစ် ၂၀ က ရေးထိုးခဲ့သည့် သဘောတူနားလည်မှု စာချွန်လွှာကိုလည်း ရှရင်ဂလာက ပြောကြားခဲ့သည်။

ယင်းစာချွန်လွှာအရ အိန္ဒိယ-အာရပ်နိုင်ငံများအဖွဲ့၏ ဖိုရမ်ကျင်းပခဲ့ရာတွင် စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ဆို်ငရာ ကာကွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စားနပ်ရိက္ခာဖူလုံရေး၊ သိပ္ပံနှင့် နည်းပညာ၊ လူသားရင်းမြစ် ဖွံ့ဖြိုးရေးကဲ့သို့ နယ်ပယ်အများအပြားတွင် တိုးတက်အောင် လုပ်ဆောင်ရန်လည်း သဘောတူညီခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required