နာမည်ကြီး တိဗက်ဘုန်းတော်ကြီး၏ ဈာပနကို တရုတ်ရဲများ တားမြစ်

နာမည်ကြီး တိဗက်ဘုန်းတော်ကြီး၏ ဈာပနကို တရုတ်ရဲများ တားမြစ်

နာမည်ကြီးတိဗက်ဘုန်းတော်ကြီး၏ ဈာပနအခမ်းအနားကို တရုတ်ရဲတပ်ဖွဲ့က ယခုနှစ်အစောပိုင်းတွင် ပိတ်ပင်ခဲ့ပြီး ပရိသတ်များအခမ်းအနားသွားရောက်ခြင်းကို တားဆီးခဲ့သလို အွန်လိုင်းတွင် မျှဝေထားသော ဘုန်းတော်ကြီး၏ ပုံများကိုလည်းဖျက်ပစ်ခဲ့ကြောင်း RFA က ဖော်ပြသည်။

ချိုထရူလ်ဒါဝါရင်ပိုချီ (၈၆ နှစ်)သည် တိဗက်မြို့တော် လာဆာရှိ ၎င်း၏နေအိမ်၌ ဇန်နဝါရီ ၃၀ ရက်က ပျံလွန်တော်မူခဲ့ပြီး တရားထူးရသွားသူများဖြစ်လေ့ရှိသည့် အခြေအနေတွင်ရှိကြောင်း တိဗက် သတင်းရင်းမြစ်ကို ကိုးကား၍ RFA သတင်းဌာနက ဖော်ပြသည်။

“ဒါပေမယ့် တရုတ်အစိုးရက ရင်ပိုချီရဲ့ ကွယ်လွန်မှုကို တတ်နိုင်သမျှ လျှို့ဝှက်ထားဖို့ ကြိုးစားခဲ့ပြီး သေဆုံးတဲ့အကြောင်း အွန်လိုင်းမှာ မမျှဝေဖို့ လူတွေကို သတိပေးခဲ့ပါတယ်။ နောက်ပြီး အွန်လိုင်းမှာ လွှင့်တင်ထားပြီးသား ရင်ပိုချီရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း တရုတ်အစိုးရက အမြန်ဖျက်ပစ်ခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ဆက်လက်ပြောသည်။

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ်ချူကောင်တီရှိ ဂန်ဒန်ဒါရီလင်းဘုန်းတော်ကြီးကျောင်းမှ အကြီးတန်းဆရာတစ်ဦးဖြစ်သူ ချိုထရူလ်ဒါဝါရင်ပိုချီသည် ယခု အိန္ဒိယတွင်နေထိုင်သော တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားနှင့် ၎င်း၏ကျောင်းတွင် တွေ့ဆုံဆွေးနွေးမှုများအတွက် ၂၀၁၀ ခုနှစ်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။

ရင်ပိုချီလွတ်မြောက်လာပြီးနောက် တရုတ်အာဏာပိုင်များက ဆက်တိုက်စောင့်ကြည့်နေခဲ့ကြကြောင်း RFA သတင်းရင်းမြစ်က ပြောသည်။

၁၉၃၇ ခုနှစ်က နန်ချူတွင် မွေးဖွားခဲ့သော ရင်ပိုချီသည် တိဗက်ကို တရုတ်သိမ်းပိုက်ခြင်းအား ဆန့်ကျင်မှုအတွက် ၁၉၆၀ ပြည့်နှစ်တွင် ထောင် ၅ နှစ် ကျခဲ့ပြီးနောက် တရုတ်ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆-၁၉၇၆) တွင်ထောင်ဒဏ် ၇ နှစ်ထပ်မံကျခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly